သံဖြူဇရပ်မြို့အဝင်ဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိ

မတ်၊ ၂၂
 
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင် တိုးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို မနေ့ က မတ်လ ၂၁ ရက် ည ၈ နာရီကျော်လောက်က မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
“အလစ်ဝင်ပစ်ခံရတာ၊ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေတာ သူတို့ထဲက သုံးယောက်ထိတာ ရင်ဘတ်မှာထိသွားတဲ့တယောက်က အဲဒီမှာ ကျသွားတယ်” လို့ သံဖြူဇရပ် မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
ထိခိုက်ဒဏ်ရာ ရှိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအနက် တဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ပစ်ခတ်မှု ဖြစ်ပွားနေချိန် စစ်ဆေးရေးဂိတ်အနီးမှာ ရှိနေတဲ့ ဖောင်စိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်မွန် ဆိုသူလည်း ပေါင်မှာ လက်နက်ကြီးစ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူး လို့ ဆိုပါတယ်။
 
သံဖြူဇရပ်မြို့အဝင် ဖောင်စိန်ကျေးရွာ တိုးဂိတ်မှာ အင်အား သုံးဆယ်ဝန်းကျင် တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
 
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်နှစ်ဆယ်ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)က သတင်းထုတ်ပြန်ထားပါတယ်။
 
“အဲဒီမှာ စစ်သားတွေ ရှိနေတာက ကြာပြီ၊ ညက ပစ်နေတာ တော်တော်ကြာတယ်၊ အသံတွေလည်း ကျယ်တယ်၊ ရပ်ကွက်မှူးလည်း ထိသွားတာ၊ ခုဆေးရုံတင်ထားရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
 
မွန်ပြည်သစ်ပါတီ (NMSP)ကနေ ခွဲထွက်လာတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အင်အားစုတွေနဲ့အတူ စစ်ကောင်စီကို ခုခံတိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ကြေညာထားပါတယ်။
 
အဲဒီနောက် စစ်ကောင်စီထောက်တိုင် ပြည်သူ့စစ်အဖွဲ့တွေကို ဖမ်းဆီးတာ၊ တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီဂိတ်စခန်းတွေ၊ စစ်ကြောင်းတွေကို သွားရောက်တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ပြုလုပ်ခဲ့ပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်မှာ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်လမ်းပိုင်း ကွမ်လှာကျေးရွာအနီးမှာ စစ်ကောင်စီ လက်အောက်ခံ ကမာဝက်စခန်းမှူး လိုက်ပါလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့သလို ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)