မတ်၊ ၂၂
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်မှုထမ်းစာရင်း ကောက်ယူနေတဲ့ ဒါ၀ကျေးရွာမှ ရာအိမ်မှူးဖြစ်သူကို မနေ့က မတ်လ ၂၁ ရက် နေ့လည်ပိုင်းမှာ အမည်မသိလူတစုက သတ်ဖြတ်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒါ၀ကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးဝင်းရွှေဟာ သံတွဲမြို့ကနေ ရွာသို့အပြန်လမ်းခုလပ်မှာ သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“ရွာကိုလာရင် ကိုင်းတောတွေ ဖြတ်ရတယ်၊ အဲနားမှာ အသတ်ခံရတာ၊ ဓါးနဲ့ လည်ကို လှီးသွားတယ်၊ ဒဏ်ရာတွေလည်း အများကြီး” လို့ ဒါ၀ရွာသားတဦးက ပြောပါတယ်။
အဲဒီသတ်ဖြတ်ခံခဲ့ရသူဟာ အသက် ၄၄ နှစ်ရှိပြီဖြစ်ပြီး စစ်ကောင်စီရဲ့ညွန်ကြားချက်အတိုင်း ရပ်ရွာမှာ စစ်မှုထမ်းစာရင်းကောက်ယူနေခဲ့သူဖြစ်ကာ သတ်ဖြတ်ခံရတာဟာလည်း အဲဒီကိစ္စနဲ့ ဆက်စပ်နေတယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။
“သူက ပုဂ္ဂိုလ်ရေးပြဿနာတွေလည်း ရှိတယ်၊ ဒါပေမယ့် အခုဖြစ်တာက စစ်မှုထမ်းစာရင်းကောက်တာနဲ့ ဆက်စပ်တယ်လို့ ပြောနေကြတယ်” လို့ နောက်ထပ် ရွာသားတဦးက ပြောပါတယ်။
ဒါပေမယ့် အဲဒီစွပ်စွဲပြောဆိုချက်အပေါ် DNA က သီးသန့်အတည်ပြုလို့မရသလို ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေက သတ်ဖြတ်ခဲ့တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။
ဒါ၀ကျေးရွာဟာ သံတွဲမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာမှာ တည်ရှိပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိတဲ့ကျေးရွာတခုဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ နိုင်ငံအဝှမ်း လူငယ်တွေကို စာရင်းကောက်ယူ၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေခဲ့တာပါ။
ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီထိန်းချုပ်နိုင်သေးတဲ့ တောင်ပိုင်းမြို့နယ်တွေမှာလည်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်မှုထမ်းရမယ့် လူဦးရေ စာရင်းကောက်ယူခိုင်းနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး အချို့ကတော့ နုတ်ထွက်စာတင်ထားကြတယ်လို့ ဆိုပါတယ်။
သံတွဲအပြင် အခြားပြည်နယ်၊ တိုင်းအချို့မှာလည်း စစ်ကောင်စီအလိုကျ စစ်မှုထမ်းစာရင်းကောက်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ စာရေးအချို့ သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်နယ်တောင်ပိုင်းမှာ စစ်မှုထမ်းစာရင်း ကောက်နေသလို ကျောက်ဖြူ၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာ တထောင်နီးပါးကိုလည်း ဖမ်းဆီးစစ်သင်တန်းပေးနေပြီး ရှေ့တန်းပို့ စစ်တိုက်ခိုင်းနေတယ်လို့ မိသားစုဝင်တွေက ပြောထားကြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက ရန်ကုန်အပါအဝင် ပြည်မရောက် ရခိုင်လူငယ်တွေနဲ့ နေရပ်ပြန်လာတဲ့ ရခိုင်လူငယ်တွေကိုလည်း ဖမ်းဆီးမှုတွေ ဆက်လုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
AA ကတော့ စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေကို ရရာနည်းလမ်းနဲ့ ရုံးထွက်ပြီး လွတ်မြောက်ရာနေရာတွေမှာ လာရောက်ခိုလှုံကြဖို့ အကြံပြု၊ ဖိတ်ခေါ်ထားပါတယ်။ အဲဒီလို လာရောက်ခိုလှုံသူတွေကို မိမိဆန္ဒမပါဘဲ အတင်းအကြပ် စစ်မှုထမ်းမှာ မဟုတ်ဘဲ ဆန္ဒအလျောက် စစ်မှုထမ်းလိုရင်တော့ လက်ခံကြိုဆိုမယ်လို့ AA ပြောခွင့်ရ ဆိုထားပါတယ်။
ဓာတ်ပုံ – Social Media