ခရီးသွားလျော့နည်းလာလို့ ပုဂံမှာ ဟိုတယ်အလုံးလိုက်ရောင်းချမှု များလာ

မတ်၊ ၂၂
 
မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ပုဂံဒေသမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွား၀င်ရောက်မှု လျော့နည်းလာတာနဲ့အတူ ဟိုတယ်တွေကို အလုံးလိုက် ရောင်းချမှုတွေ ပိုများလာတယ်လို့ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူတွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ ဆိုပါတယ်။
 
ပုဂံဒေသမှာ ဟိုတယ်လုပ်ငန်းကို ဒေသခံတွေအစား ရန်ကုန်၊မန္တလေးမြို့တွေကလို စီးပွားရေး လုပ်ငန်းရှင်တွေက လာ​ရောက်ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်တာ များပြားတာပါ။
 
လက်ရှိမှာ အမြတ်အစွန်းနည်းလာတဲ့ ပုဂံဒေသက ဟိုတယ်လုပ်ငန်းအစား တခြားစီးပွားရေးကို ပြောင်းလဲလုပ်ကိုင်ဖို့ကြိုးစားလာတာလို့ ပုဂံမှာ ခရီးသွား၀န်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသူတဦးက ပြောပါတယ်။
 
“တချို့ကလည်း ဟိုတယ်၀န်ထမ်း မခန့်နိုင်တာရယ် ဧည့်သည်၀င်အောင် မဆွဲဆောင်နိုင်တာရယ် အဲလိုသမားတွေက ပြန်ရောင်းတာပေါ့၊ တချို့ကလည်း စီးပွားရေးစျေးကွက်လှည့်ကျတာပေါ့နော်၊ ဒီကနေရောင်းချ တခြားဟာရင်းနှီး အဲလိုလုပ်တာလည်း ရှိပါတယ်” လို့ သူကပြောပါတယ်။
 
ပုဂံနဲ့ ညောင်ဦးမှာရှိတဲ့ ဟိုတယ်အသေးတွေအပြင် အကျယ်အ၀န်း လေးဧကနဲ့အထက်အပေါ်မှာ ဆောက်လုပ်ထားတဲ့ ဟိုတယ်ကြီးတွေကိုလည်း ဒီလပိုင်းအတွင်း ပြန်လည်ရောင်းချဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။
 
စျေးနှုန်းတွေကတော့ ဟိုတယ်အကျယ်အ၀န်း အခန်းအရေအတွက်နဲ့ နေရာဒေသပေါ်မှာ မူတည်ပြီး အပြောင်းအလဲတွေ ရှိတတတ်ကြသလို ကျပ်သိန်း လေးငါးထောင်ကနေ သောင်းဂဏန်းအထိ စျေးခေါ်ရောင်းချတာတွေလည်း တွေ့ရပါတယ်။
 
ဒါပေမယ့် ဟိုတယ်တွေနဲ့ပတ်သက်ပြီး ရောင်းချင်တဲ့သူတွေသာ များနေ​ပြီးခေါ်ထားတဲ့ စျေးနှုန်းတွေက ပေါက်စျေးထက်များနေတာတွေကြောင့် အရောင်းအ၀ယ် ဖြစ်တာမျိုးတော့ မရှိဘူးလို့ အထက်က ဒေသခံက ဆိုပါတယ်။
 
“သူတို့က အရောင်းတင်တိုင်းလည်း ရောင်းမထွက်တော့ အရောင်းတင်ထားတယ် လာကြည့်လို့ သူတို့ ဒီနှစ်တင်ထားတောင် ၀ယ်လက်က နောက်နှစ်ကို မတွေ့ပါဘူး။ ဟိုတယ် ရောင်းထွက်သွားတယ် ဆိုတာမကြားဖူးသေးဘူး ရောင်းချလို့ တင်ထားတာပဲ တွေ့တယ်။ ဟိုတယ် တလုံးကို ၀ယ်သွားနိုင်တဲ့ သူဌေးမတွေ့သေးဘူး ရောင်းချင်လို့ စျေးခေါ်တင်ထားတာပဲ တွေ့သေးတယ်” လို့ သူကဆိုပါတယ်။
 
ညောင်ဦးမှာ ဟိုတယ်ဖွင့်လှစ်ထားသူတဦးကတော့ လက်ရှိပုဂံဒေသမှာ ပြည်ပခရီးသွားဆိုတာထက် ပြည်တွင်းခရီးသွားကိုသာ အားထားနေရပြီး ကျောင်းပိတ်ရက်ရှည်တွေနဲ့ ရုံးပိတ်ရက်တွေမှာ ခရီးသယ်လာရောက်ကြတယ်ဆိုပေမယ့် ကြားရက်တွေမှာ ခရီးသည်၀င်ရောက်မှု နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ဟိုတယ်တလုံး လည်ပတ်နိုင်ဖို့ နေ့စဉ်ကုန်ကျစရိတ်နဲ့ ပြန်လည်ရရှိတဲ့ ၀င်ငွေက မမျှတတော့တာကြောင့် ဟိုတယ်လုပ်ငန်းအများစု ရပ်တည်ဖို့ ခက်လာတာလို့သူက ဆက်ပြောပါတယ်။
 
“၀န်ထမ်းလည်း အရင်လို များများနဲ့မလည်ပတ်နိုင်ဘူး ၀န်ထမ်းခေါ်ထားရင် ဒီစရိတ်ကို ပြန်ရှာနိုင်ပါမလားဆိုတဲ့ စိုရိမ်စိတ်နဲ့ ၀န်ထမ်းမခေါ် အဲတော့ ၀န်ဆောင်မှုတွေကမနိုင် မနိုင်တော့ ပြသနာတွေဖြစ် အဲတော့ ဟိုတယ်က ပိတ်ရမလိုလို ဖွင့်ရမလိုဖြစ်တာပေါ့” လို့ သူကပြောပါတယ်။
 
လက်ရှိပုဂံမှာ ဟိုတယ်လုပ်ငန်းဆောင်ရွက်သူတွေက ၀န်ထမ်းအများအပြား မသုံးတော့ဘဲ အိမ်ရှိ မိသားစုတွေ ဝိုင်း၀န်းလုပ်ကိုင်တဲ့ ပုံစံမျိုးနဲ့သာ ခရီးသည်တွေကို ၀န်ဆောင်မှု ပေးနေရတယ်လို့ သူကရှင်းပြပါတယ်။
 
“ဟိုတယ်တလုံးက အယောက် ၂၀ လောက်နဲ့ လည်ပတ်ရမှာကို လေးငါးခြောက်ယောက်လောက်နဲ့ လုပ်နေတဲ့ ဟိုတယ်တွေ အများကြီးပဲ အဲလိုဆိုတော့ ဝန်​ဆောင်မူပိုင်းက မနိုင်တော့ဘူးလေ။ ၀င်လာတဲ့ ဧည့်သည့်ကို မထိန်းနိုင်ဘူး ဧည်သည့်တွေနဲ့ ပြသာနာဖြစ်တာပေါ့ မကောင်းတဲ့ ကွန့်မန့်တက်ရင် မြန်မာလူမျိုးတွေက မတည်းချင်ကြဘူး။ သူဌေးတွေကလည်း အယောက် ၂၀ ဆိုတော့ ၀န်ထမ်းခက သူတို့ ၀င်တဲ့ငွေနဲ့ ဟိုတယ် ဆီဖိုးနဲ့ အဆင်ပြေပါမလားတွေးတယ်” လို့ သူကဆက်ပြောပါတယ်။
 
ဒါ့အပြင် လျှပ်စစ်မီး မှန်မှန်မရနိုင်တာတွေကြောင့် မီးစက်ကို အားကိုးနေရပေမယ့် လတ်တလော စက်သုံးဆီစျေး မြင့်တက်မှုကြောင့် ၀င်ငွေနဲ့ ထွက်ငွေ မမျှတတော့ဘူးလို့ သူကဆိုပါတယ်။
 
“ဆီကလည်း တနာရီမောင်းရင် စက်တွေက သုံးသောင်းလောက်ကုန်တယ်။ အခန်း အရေအတွက်က ၂ ခန်းပဲဆိုရင် ငါးသောင်းတန်က နှစ်သောင်းခွဲပဲရမယ် ဒီဆီကို ဧည့်သည်ကိုမီးမောင်းပေးလိုက်ရင်ကုန်ရော ဧည့်သည်ဆီက ၀င်တာနဲ့ ပြန်ထွက်တဲ့ ပိုက်ဆံနဲ့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ ၀န်ထမ်းလခက အိတ်ထဲက စိုက်ပေး ဧည်သည်ကို အလာကားထား အဲလိုတွေဖြစ်ကြတာပေါ့” လို့ သူကဆက်ပြောပါတယ်။
 
ပုဂံဒေသမှာ ဟိုတယ်၊ မိုတယ်နဲ့ တည်ခိုရိပ်သာ စုစုပေါင်း နှစ်ရာနီးပါးလောက်ရှိနိုင်ပြီး အခန်းအရေအတွက်အားဖြင့် ထောင်ကျော်ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လေးနှစ်နီးပါး ထိခိုက်ပျက်ဆီးခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍဟာ စစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတ၀န်းကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေက ပြည်ပခရီးသွား၀င်ရောက်မှုကို အကြီးအကျယ် အဟန့်အတားဖြစ်နေတယ်လို့ ပြည်တွင်း၊ ပြည်ပ ခရီးသယ်ပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူတဦးက မှတ်ချက်ပြုပါတယ်။
 
“ရခိုင်၊ ရှမ်းမြောက်၊ ချင်းပြည်နယ် ဘယ်နေရာမှာ သွားလို့ အဆင်မပြေတော့ဘူး ကလော ပုဂံလောက် ပြည်တွင်းကလူတွေ သွားနေတာ အဲနေရာတွေကလည်း စိတ်ချရသလားဆိုတော့ ခင်ဗျာတို့လည်း သိနေတာပဲဗျာ ကားနဲ့သွားရင် ထောက်ခံစာယူရတာနဲ့ ဘာနဲ့ဆိုတော့ ခရီးသွားလုပ်ငန်းက ဒီထက်ပိုဆိုးသွားဖို့ပဲရှိပါတယ်” လို့ သူကပြောပါတယ်။
 
ဓာတ်ပုံ – Social Media