ဝေဖန်မှုတွေကြောင့် ပြည်ပခရီးစဉ်တွေ ယာယီ ဆိုင်းငံ့ထားမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

မတ်၊ ၂၂

ဝေဖန်မှုတွေကြောင့် ပြည်ပ ခရီးစဉ်တွေ သွားလာမှုကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ နိုင်ငံခြား ခရီးစဉ်တွေကို လိုအပ်တာထက် ပိုပြီး လွန်လွန်ကဲကဲ သွားလာနေခဲ့ကြောင်း ပြည်သူတွေဆီက ဝေဖန်သံတွေ ကျယ်လောင်လာတဲ့နောက် ဆရက်သာက နောက်ထပ် ၂ လအတွင်း ပြည်ပခရီးစဉ် အားလုံးကို ဆိုင်းငံ့ထားစေမယ်လို့ ပြောကြားခဲ့ပါတယ်။

လူထုရဲ့ စိုးရိမ်မှုတွေ၊ မှတ်ချက်စကားတွေ အားလုံးကို အသိအမှတ်ပြု အလေးထားကြောင်း၊ မတ်လ ၁၄ ရက်ကနေ မေလ ၁၅ ရက် အတောအတွင်း သူဟာ နိုင်ငံခြားကို ခရီးထွက်တာမျိုးတွေ လုံးဝ မလုပ်ဖို့ ဆိုင်းငံ့ထားမှာဖြစ်ကြောင်း ဆရက်သာက လူမှုကွန်ရက် မီဒီယာ Xကနေ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဆရက်သာဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး ၆ လအတွင်း စုစုပေါင်း ဝန်ကြီးချုပ်သက်တမ်းရဲ့ သုံးပုံတပုံလောက်ကို ပြည်ပမှာ ခရီးလှည့်လည်ရင်း ကုန်ဆုံးနေတယ်လို့ ဝေဖန် ခံခဲ့ရပါတယ်။ သူကတော့ ထိုင်းနိုင်ငံအတွက် ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေကို မြှင့်တင်နိုင်ရေး လှည့်လည် စည်းရုံးနေတာလို့ အကြောင်းပြခဲ့ပါတယ်။ ဥပမာ လောလောလတ်လတ်အဖြစ် သူသာ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ဘာလင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ပြပွဲကို တက်ရောက်ထားခဲ့ပါတယ်။

တဖက်မှာတော့ ထိုင်းဝန်ကြီးချုပ်ဟာ ပြည်ပ ခရီးစဉ်တွေမှာသာ အာရုံစိုက်နေပြီး မြို့ကြီးပြကြီးတွေမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု အခြေအနေတွေ ဆိုးရွားလာတဲ့ ပြည်တွင်း စိန်ခေါ်မှုတွေကို မျက်ကွယ် ပြုထားကြောင်း ဝေဖန် ခံနေရတာပါ။

အတိုက်အခံ အမတ် တဦးဖြစ်တဲ့ ဆွမ်ချိုင် ဆာဝမ်ကန်က ၆ လအတွင်း ၁၆ နိုင်ငံကို လှည့်လည် သွားလာခဲ့တယ် ဆိုတာက ဝန်ကြီးချုပ် တဦးအတွက် စံချိန်သစ် ဖြစ်နိုင်ကြောင်း၊ သွားလိုက်ပြန်လိုက် လုပ်ခဲ့ပြီး ထူးထူးကဲကဲ ဘယ်လိုရလဒ်တွေ ယူဆောင်နိုင်ခဲ့သလဲ ဆိုတာကိုတော့ သိချင်မိကြောင်း Xမှာ ထေ့ငေါ့ ရေးသားထားခဲ့ဖူးပါတယ်။

 

Ref: Reuters