နယ်စပ် ပုန်ကန်မှုတွေကြောင့် ရှေ့တန်းရောက် တိုက်ခိုက်ရေးတပ် တချို့ကို ရုရှား နေရာရွှေ့ပြောင်းထားရ

မတ်၊ ၂၂

နယ်စပ်က ပုန်ကန်မှုတွေကြောင့် ရုရှားဟာ ရှေ့တန်းရောက် တပ်အင်အား တချို့ကို ထုတ်နုတ်ယူပြီး နေရာရွှေ့ပြောင်း ဖြန့်ကျက်နေရတယ်လို့ သိရပါတယ်။

ယူကရိန်းနဲ့ နယ်စပ်ထိစပ်နေရာ ဘယ်လ်ဂိုရော့ဒ်မြို့မှာ ယူကရိန်းဖက်က ထောက်ခံတဲ့ ရုရှား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ရုရှား စေတနာ့ဝန်ထမ်း တပ်ဖွဲ့ (RDK)ဈ ရုရှားလွတ်မြောက်ရေးတပ် (LSR)၊ ဆိုက်ဘေးရီးယား တပ်ရင်းတို့ ပူးပေါင်းပြီး ရုရှား စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

သမ္မတ ဗလာဒီမာ ပူတင် ဦးဆောင်တဲ့ ရုရှားအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ အဲဒီ အင်အားစုတွေရဲ့ စစ်ရေး လှုပ်ရှားမှုတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပိုမို ပြင်းထန်လာခဲ့ပြီး ဘယ်လ်ဂိုရော့ဒ်မြို့ရဲ့ အခြေအနေက အတော်ကြီး မငြိမ်မသက် ဖြစ်လာပါတယ်။

ဒါကြောင့်လည်း ရုရှားဟာ ယူကရိန်း ပိုင်နက်ထဲက ထိန်းချုပ်နယ်မြေတွေကို ရောက်နေတဲ့ တပ်ဖွဲ့ဝင် အင်အားတချို့ကို ထုတ်နုတ်ပြီး ဘယ်လ်ဂိုရော့ဒ် ငြိမ်ဝပ်ပိပြားရေးအတွက် နေရာရွှေ့ပြောင်း ဖြန့်ကျက်နေရတာပါ။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက စစ်တပ်တွေ နေရာအပြောင်းအလဲ လုပ်နေရတာကို အတည်ပြုခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။

ယူကရိန်းကို ထောက်ခံတဲ့ ရုရှား တော်လှန်ရေး အင်အားစုတွေနဲ့ ရုရှားစစ်တပ်ကြား တိုက်ပွဲတွေဟာ ဘယ်လ်ဂိုရော့ဒ်နဲ့ ကာ့စ်ခ်ဒေသတွေမှာ အရင်ကတည်းက ဖြစ်ပွားခဲ့ဖူးပါတယ်။ ဘယ်လ်ဂိုရော့ဒ်မှာ နောက်ဆုံး ကြုံတွေ့ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်လို့လည်း ရုရှား အစိုးရကို ဆန့်ကျင်နေတဲ့ အဲဒီ အင်အားစုတွေက အတည်ပြုထားပါတယ်။

တော်လှန်ရေး အင်အားစုတွေ ရုရှားစစ်တပ်ဟာ သူတို့ကို တုံ့ပြန် ဖြိုခွင်းဖို့ ကြိုးစားရာမှာ ရုရှားပိုင်နက်ထဲက လူနေ ကျေးရွာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်မှာ အနည်းဆုံး ၁၆ ဦးသေပြီး ရာနဲ့ချီ ဒဏ်ရာရထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီ ရွှိုင်ဂူက ဘယ်လ်ဂိုရော့ဒ်နဲ့ ကာ့စ်ခ်မှာ ၈ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထောင်နဲ့ချီ များပြားတဲ့ ယူကရိန်း တပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာတွေ ကြုံခဲ့ပြီး တင့်ကားနဲ့ သံချပ်ကာယာဉ်တွေ စုစုပေါင်း ၅၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ယူကရိန်းကတော့ အဲဒီ တိုက်ခိုက်မှုတွေဟာ ရုရှားနိုင်ငံသား၊ စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေး အင်အားစုတွေကသာ လုပ်ဆောင်တာလို့ တုံ့ပြန်ထားပါတယ်။

လူထုအမြင် စစ်တမ်းတွေ အရတော့ ဘယ်လ်ဂိုရော့ဒ်မှာ ကိုယ်တိုင် စစ်မီးကူးစက်မှုဒဏ်ကို ခံစားနေရတဲ့တိုင် မြို့ခံ အများစုက ပူတင်ကို အားပေး ထောက်ခံ ရပ်တည်နေကြဆဲလို့ သိရပါတယ်။

 

Ref: Kyiv Post