မတ် ၊ ၂၁
ရောဂါကူးစက် ခံထားရတဲ့ ဆဲလ်တွေကနေ HIV ဗိုင်းရပ်စ်ကို အောင်အောင်မြင်မြင် ရှင်းထုတ် ဖယ်ရှားနိုင်တဲ့ နည်းလမ်းတခုကို စမ်းသပ်ရာမှာ ရလဒ်ကောင်းတွေ မြင်နေရကြောင်း သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။
အဲဒီ နည်းဟာ နိုဘယ်လ်ဆုရ Crispr မျိုးဗီဇ တည်းဖြတ် ပြောင်းလဲမှု နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ သီအိုရီအရ ဆဲလ်တခုထဲ ခိုဝင် ကိန်းအောင်းနေတဲ့ ဗိုင်းရပ်စ် DNAကို ကတ်ကြေးနဲ့ ဖြတ်သလို ဖြတ်ထုတ်တဲ့ သဘောဖြစ်ပြီး အရမ်းသေးငယ် မှုန်မွှားတဲ့ မော်လီကျူးတွေအဆင့်မှာ အဲဒီ သဘောမျိုးကို လုပ်ဆောင်စေတာလို့ ဆိုပါတယ်။
အခု စမ်းသပ်ဆဲအဆင့် ကုထုံးရဲ့ ရည်မှန်းချက်ကတော့ လူ့ခန္ဓာကိုယ်ထဲ ကူးစက်ပြီး ကိန်းအောင်းနေတဲ့ HIV ဗိုင်းရပ်စ်ကို အပြီးတိုင် သုတ်သင် ဖယ်ရှားနိုင်တဲ့ အဆင့်ထိ ရောက်ဖို့ပါ။ လောလောဆယ် အသုံးပြုနေတဲ့ HIV ဆေးဝါးတွေဟာ ဗိုင်းရပ်စ်ကို ချိုးနှိမ် ဟန့်တားထားရုံသာ တတ်နိုင်ပြီး အပြီးတိုင် မချေမှုန်းနိုင်ပါဘူး။
နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ် တက္ကသိုလ်က သုတေသီ အဖွဲ့တခုဟာ အဲဒီ နည်းလမ်းကို စမ်းသပ်နေပြီး သီအိုရီအရ အလုပ်ဖြစ်တယ်ဆိုတဲ့ တွေ့ရှိချက်တွေကို တင်ပြနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ သုတေသနပြု စမ်းသပ်ချက်တွေရဲ့ လက်တွေ့ အလုပ်ဖြစ်နိုင်စွမ်းနဲ့ ပတ်သက်လို့တော့ လက်ရှိ အဆင့်မှာ သံသယ ဝင်ရမယ့် အခြေအနေတွေ ရှိနေတုန်းပဲလို့ ဗြိတိန်နိုင်ငံ၊ နော့တင်ဟမ် တက္ကသိုလ်ရဲ့ ပင်မဆဲလ်နဲ့ မျိုးဗီဇ ကုထုံး နည်းပညာများဆိုင်ရာ ပါမောက္ခ ဒေါက်တာ ဂျိမ်းစ် ဒစ်ဆန်က ပြောပါတယ်။
ဆဲလ်တွေထဲကနေ ဗိုင်းရပ်စ် DNAကို ဖြတ်ထုတ်ယူတဲ့ နည်းပညာဟာ အောင်မြင်မယ်ဆိုရင် ရှေ့ကို ခြေလှမ်းတွေ အများကြီး ရောက်သွားစေမယ့် သဘောလို့ သတ်မှတ်နိုင်ပေမယ့် လက်တွေ့ အကောင်အထည် ပေါ်လာဖို့အတွက် ဖြတ်သန်းရမယ့် အဆင့်တွေလည်း အများကြီး ရှိလိမ့်မယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
တခြားသော ဆေးပညာ သုတေသန အဖွဲ့တွေကလည်း Crispr ကုထုံးအခြေခံ HIV တိုက်ဖျက်ရေး စမ်းသပ်မှုတွေကို လုပ်ဆောင်နေတာမျိုးတွေ ရှိပါတယ်။ အခု ထုတ်ပြန် ကြေညာတဲ့ သုတေသန ရလဒ်မှာတော့ လူနာ သုံးဦးမှာ စမ်းသပ်ကြည့်ပြီး ထူးခြားတဲ့ အကျိုးကျေးဇူးတွေ မြင်ရသလို ထင်ရှားတဲ့ ဘေးထွက်ဆိုးကျိုးမျိုးလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။
HIV ရောဂါ ကူးစက်ခံရသူ အများစုဟာ ဘဝတလျှောက်လုံးနီးပါး သက်ဆိုင်ရာ ဗိုင်းရပ်စ် ချိုးနှိမ်ဆေးဝါးတွေ ရေရှည် စွဲသောက်ဖို့ လိုအပ်တတ်ပါတယ်။ တကယ်လို့ ဆေးပြတ်သွားရင်တော့ ဗိုင်းရပ်စ်က ခေါင်းပြန်ထောင်လာပြီး ပြဿနာတွေ ဖြစ်စေတတ်ပါတယ်။ ပြင်းထန်တဲ့ ကင်ဆာကုထုံးတချို့ ခံယူသူတွေမှာတော့ HIV အမြစ်ပြတ်သွားသလို ဖြစ်စဉ်မျိုးတွေ တွေ့ခဲ့ရဖူးပေမယ့် HIV သီးသန့် ကုသဖို့အတွက်တော့ အဲဒီကုထုံးမျိုးတွေကို ဆေးသိပ္ပံ ပညာရှင်တွေက လုံးဝ ထောက်ခံချက် ပေးမထားဘူးလို့လည်း သိရပါတယ်။
Ref: BBC