အလှူပွဲအတွက်ပစ္စည်းသွားဝယ်တဲ့ သံဖြူဇရပ်ဒေသခံလေးဦး နှစ်ပတ်ကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

မတ်၊ ၂၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ဒေသခံအမျိုးသားလေးဦးဟာ ရဟန်းခံရှင်ပြုပွဲမှာ လိုအပ်တဲ့အလှူပစ္စည်းတွေ ဝယ်ယူဖို့ မြို့တက်သွားတဲ့နောက် နှစ်ပတ်ကြာအထိ ပျောက်ဆုံးနေပြီးအဆက်အသွယ်မရတော့တာကြောင့် မိ သားစုဝင်တွေစိုးရိမ်နေကြရတယ်လို့ ပျောက်ဆုံးသူတွေထဲကတဦးနဲ့ ဆွေမျိုးတော်စပ်တဲ့ဒေသခံကDNAကို ပြော ပါတယ်။ 

“ခုထိတော့ ရှာနေတုန်းပဲ၊ သွားနိုင်တဲ့နေရာ၊ လမ်းတွေကအစ ရှာတယ်၊ မတွေ့သေးဘူး”လို့  သူကပြောပါတယ်။

သံဖြူဇရပ်မြို့တောင်ဘက် ရှစ်မိုင်ကျော်အကွာ ပင်လယ်ကမ်းခြေအနီးမှာရှိတဲ့ ဂရုပ္ပိကျေးရွာက နိုင်သန်းဇော်၊ နိုင် အကျဲနဲ့ အံခဲကျေးရွာက နိုင်ကွန်းတီး၊ နိုင်ကွန်းတင့်တို့ လေးဦးဟာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်က ရဟန်းခံရှင်ပြုပွဲ အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ မြို့ကိုထွက်သွားပြီးနောက် ပျောက်ဆုံးသွားတာလို့သိရပါတယ်။

အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားတဲ့အမျိုးသားလေးဦးကို ဒေသတွင်း လူမှုညီရေးအသင်းအဖွဲ့တွေနဲ့ မွန် အဖွဲ့အစည်းအသိုင်းအဝိုင်းတွေရဲ့ အကူအညီနဲ့ ရှာဖွေခဲ့ပေမဲ့ ဒီကနေ့ မတ်လ ၂၀ ရက် နှစ်ပတ်ကြာအထိ သဲလွန်စ တစုံတရာတွေ့ရှိခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

“ရှိသမျှအဖွဲ့အစည်းတွေဆီ လိုက်စုံစမ်းလည်း သူတို့ဖမ်းထားတာမျိုး မရှိဘူး၊ ကိုယ့်ကားနဲ့သွားတာ ကားရောလူ ရောပျောက်နေတာ၊ ရဟန်းခံရှင်ပြုဖို့ကိစ္စလည်း ဆက်လုပ်လို့မရဘူးပေါ့၊ တွေ့မှ မတွေ့သေးတာ” လို့ အထက်ပါ ဒေသခံကပြောပါတယ်။

ပျောက်ဆုံးနေသူလေးဦးဟာ အသက် လေးဆယ်ကျော်ကနေ ငါးဆယ်ကြားအရွယ်တွေဖြစ်ပြီး လယ်ယာဥယျာဉ် ခြံလုပ်ငန်းနဲ့ မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်ကြသူတွေ လို့သိရပါတယ်။

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်မှုရှိတဲ့သူတွေကို တော်လှန်ရေးအင်အားစု တွေဘက် က မကြာမကြာ ဖမ်းဆီးတာမျိုးရှိပေမဲ့ အခုပျောက်ဆုံးသွားတဲ့ ဒေသခံအမျိုးသားလေးဦးကိုတော့ ဖမ်းဆီးထား  တာမျိုး မရှိဘူးလို့ DNA က ဆက်သွယ်ရရှိခဲ့တဲ့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

“ကျွန်တော်တို့လည်း ကြားပါတယ်၊ သူတို့ကို ဘာလို့ဖမ်းရမှာလဲ၊ အရပ်သားတွေကို အဲဒီလိုမျိုး မလုပ်ပါဘူး”လို့ သံဖြူဇရပ်မြို့နယ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေတွေ့ရှိဖို့ တခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ ဝိုင်းဝန်းရှာဖွေ ပေးမယ် လို့လည်း သူကဆိုပါတယ်။

အထက်ပါ ဒေသခံအမျိုးသားလေးဦး ပျောက်ဆုံးသွားတဲ့ ရက်ပိုင်းအတွင်း သံဖြူဇရပ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ် စဉ်တချို့ရှိခဲ့ပေမယ့် သံဖြူဇရပ်-ရေးလမ်းပိုင်းမှာဖြစ်ခဲ့တာလို့ သိရပါတယ်။

ပျောက်ဆုံးနေသူလေးဦးကတော့ သူတို့ရွာနဲ့ ပိုနီးတဲ့ သံဖြူဇရပ်မြို့ပေါ်ကို ဈေးဝယ်ဖို့ ထွက်သွားကြတာလို့ ဆိုပါ တယ်။ရေးမြို့ကတော့ ဂရုပ္ပိကျေးရွာရဲ့တောင်ဘက် မိုင်ငါးဆယ်လောက်အကွာမှာရှိတာဖြစ်ပါတယ်။

အခုလို ဒေသခံအမျိုးသားလေးဦးပျောက်ဆုံးနေတဲ့အတောအတွင်း ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကသံဖြူဇ ရပ်- ရေးအဝေးကားလမ်းမပေါ်မှာ သေနတ်ဒဏ်ရာ၊လည်လှီးသတ်ဖြတ်ခံထားရတဲ့ဒဏ်ရာတွေနဲ့ အမျိုးသားအ လောင်းနှစ်လောင်းတွေ့ခဲ့တာရှိပါတယ်။

အဲဒီရုပ်အလောင်းတွေကို အထက်ပါ ပျောက်ဆုံးအမျိုးသားတွေဟုတ်မဟုတ် စစ်ဆေးခဲ့ပေမယ့်သီးခြား စီသာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အခုလိုမျိုး အရပ်သားတွေ သတ်ဖြတ်ခံရပြီး တရားခံနဲ့ အကြောင်းအရင်းမသိရတဲ့ဖြစ်စဉ်တွေ ရှိနေတာ ကြောင့် အထက်ပါ ပျောက်ဆုံးသွား သူလေးဦး ရဲ့မိသားစုဝင်တွေကတော့ စိုးရိမ်နေကြပါတယ်။

“ဦးလေးနဲ့သူသူ့ငယ်ချင်းက ဘာနိုင်ငံရေးမှမလုပ်ဘူး၊ အဲဒီလိုအဖွဲ့တွေနဲ့လည်း အဆက်အသွယ်မရှိဘူး၊ စိုးရိမ်တာ က ပိုက်ဆံတွေပါသွားတော့ သူများတခုခုလုပ်သွားမှာကို စိုးရိမ်နေတာ၊ ဒီဘက်မှာ လူသတ်မှုတွေ ခဏခဏဖြစ် နေတော့ ပိုစိုးရိမ်တယ်” လို့ ပျောက်ဆုံးနေသူလေးဦးထဲက တဦးနဲ့ တူဝရီးတော်စပ်သူကပြောပါတယ်။