မတ် ၊ ၂၀
ပြည်တွင်းခရီးသွားတဲ့သူတွေ ခရီးသွားထောက်ခံချက်ပါမှသာ လက်မှတ်ရောင်းချပေးဖို့ စစ်ကောင်စီက ယာဉ် လိုင်းတွေကို ညွှန်ကြားထားတဲ့အတွက် ခရီးသွားလာတဲ့သူတွေ အကျပ်ရိုက်နေကြတယ်လို့ ယာဉ်လိုင်းတွေနဲ့ ခရီးသွားသူတွေက ပြောပါတယ်။
“မနေ့က တောင်ကြီးဘက်ပြန်ဖို့ လက်မှတ်သွားဝယ်တာ၊ ရပ်ကျေးထောက်ခံစာယူခိုင်းတာ၊ မပါရင် မရဘူးလို့ ပြောလို့ ခုထိ မပြန်ရသေးဘူး” လို့ ရန်ကုန်ကနေ တောင်ကြီးမြို့ကို ခရီးသွားမယ့် ခရီးသည်တဦးက DNA ကို ပြောပါတယ်။
ပြည်တွင်းကနေ ခရီးသွားလာကြမည့်သူတွေ ခရီးသွားလက်မှတ်ဝယ်ယူတဲ့အခါမှာ မှတ်ပုံတင်အပါအဝင် ရပ် ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာ ဒါမှမဟုတ် ရဲစခန်းထောက်ခံ ပြသရမှာဖြစ်တယ်လို့ သိရပါ တယ်။
အဲဒီညွှန်ကြားချက်ကို ပြီးခဲ့တဲ့ သုံးရက်လောက်ကစပြီး တိုင်းနဲ့ပြည်နယ်အများစုက သက်ဆိုင်ရာ ယာဉ်လိုင်း တွေဆီ ညွှန်ကြားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အမတို့ဆီတော့ ရဲလား၊ စစ်သားလားတော့မသိဘူး၊ အရပ်ဝတ်နဲ့ပဲ၊ လက်မှတ်ဝယ်ရင် ထောက်ခံချက်မပါရင် မ ရောင်းပေးဖို့ လာပြောသွားတာ” လို့ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးယာဉ်လိုင်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် ယာဉ်လိုင်းမထွက်မီဖြစ်စေ လမ်းကြောင်းတလျှောက်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကြည် ကြည်ဖြူဖြူ အစစ်ဆေးခံကြဖို့၊ အဲဒီလိုစစ်ဆေးတဲ့အခါမှာ သတ်မှတ်အထောက်အထားမပြနိုင်သူတွေ ကိုသာမက ယာဉ်လိုင်းကိုပါ အရေးယူမယ်ဆိုပြီး အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လိုမျိုးပုံစံနဲ့ အရေးယူသွားမလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ယာဉ်လိုင်းတွေ ဘက် က ပြောပါတယ်။
လတ်တလော အွန်လိုင်းစာမျက်နှာမှာ ပျံနှံ့နေတဲ့သတင်းတွေအရ နေရပ်ကနေ တခြားတိုင်းနဲ့ပြည်နယ်တခုခုကို အလုပ်သွားလုပ်မယ်ဆိုရင် အလုပ်ခေါ်စာတွေနဲ့ တည်းခိုမဲ့လိပ်စာတွေကိုပါ ပြသရမှာဖြစ်တယ်ဆိုပြီးပြောဆို ကြတာမျိုးတွေရှိပေမဲ့ အဲ့ဒီအချက်ကိုတော့ ညွှန်ကြားထားတာ မရှိသေးဘူးလို့ မော်လမြိုင်မြို့အခြေစိုက် ယာဉ်လိုင်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းလိုက်ပြီးချိန်ကနေ တနိုင်ငံလုံးလူငယ်လူရွယ်တွေ တော်လှန်ရေး တပ်ဖွဲ့တွေဆီဆက်သွယ်ကြသူတွေရှိနေသလို အိမ်နီးချင်းထိုင်းနိုင်ငံဘက်ကို အလုံးအရင်းနဲ့ ဝင်ရောက်သူတွေ လည်းရှိနေတာပါ။
စစ်မှုထမ်းဥပဒေဂယက်ကြောင့် လူငယ်တွေနယ်စပ်နဲ့ ပြည်ပနိုင်ငံတွေဆီထွက်ခွာမှုမြင့်တက်နေတယ်လို့ မနေ့က NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလကပြောခဲ့ပါတယ်။အဲ့ဒီပြောဆိုမှုဟာ သတင်းအမှား သာဖြစ်တယ်လို့ စစ်ကောင် စီတုံ့ပြန်ပေမဲ့ လက်တွေ့ပြည်တွင်းက ခရီးသွားလာမှုတွေကိုတော့ အခုလိုတင်းကျပ် နေတာဖြစ်ပါတယ်။
ဒါ့ကြောင့် အခုလိုမျိုး ခရီးသွားယာဉ်လိုင်းတွေကို တင်းကျပ်လိုက်တာဟာ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေး သွားကြမဲ့လူငယ်တွေကို ချုပ်ကိုင်ဖို့ကြိုးစားဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။
“ခုလူငယ်တွေ အများကြီး ထွက်နေကြတာ၊ အဲဒါကို ပိတ်ချင်လို့ လုပ်တာပဲ ထင်ပါတယ်၊ အစကလည်း တင်း ကျပ်နေတာပဲ၊ ဒါပေမဲ့ ခုက ပိုတင်းကျပ်လာတော့ လူငယ်တွေတော့ ဒုက္ခရောက်တာပေါ့”လို့ ရန်ကုန်မြို့မှာ အလုပ်လုပ်နေတဲ့ မော်လမြိုင်ဒေသခံလူငယ်တဦးက ပြောပါတယ်။
အရင်ကလည်း စစ်ကောင်စီလက်အောက်ခံဌာနတွေမှာ ထောက်ခံစာယူတဲ့အခါမှာ ငွေကြေးပေးဆောင်မှုတွေ ရှိ နေပြီး အခုလို ခရီးသွားထောက်ခံချက်ယူဖို့ ညွှန်ကြားချက်ဟာ စစ်ကောင်စီလက်အောက်ခံဌာနတွေအတွက် ငွေ တောင်းခံဖို့ လမ်းကြောင်းတခုဖြစ်လာတယ်လို့ရှုမြင်ကြသူတွေလည်းရှိနေပါတယ်။