ဂန့်ဂေါမှာပြစ်ဒဏ်ချမှတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောင်မပို့ဘဲရဲစခန်းအချုပ်မှာပဲချုပ်နှောင်ထား

မတ် ၊ ၂၀

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချထားတဲ့ အကျဉ်းသား ၊ အကျဉ်းသူ စုစု ပေါင်း လေးဆယ်ကို သက်ဆိုင်ရာ ထောင်တွေဆီကိုမပို့ဘဲ ရဲစခန်း အချူပ်ခန်းမှာပဲ ဖမ်းဆီးထားတာကြောင့် 

အကျဉ်းသားတွေ အခွင့်အရေး ဆုံးရှုံးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“သူတို(ဂန့်ဂေါရဲစခန်း) က အမိန့်ချထားပြီးသမျှလူတွေကိုထောင်ကို မပို့ပေးတာ၊ ထောင်သုံးနှစ်ချခံရတယ်ဆိုရင် လျော့ရက်နဲ့ ဘာနဲ့ဆိုရင် နှစ်နှစ်ခွဲလောက်နေရတာပေါ့၊အခုထောင်ကို မရောက်တော့ ရက်အပြည့် နေရမယ့် ကိန်းဖြစ်နေတာပေါ့ ” လို့ သူကပြောပါတယ်။

ဂန့်ဂေါမြို့မရဲစခန်းရှိ အချူပ်ခန်းသုံးခုမှာ လက်ရှိ အကျဉ်းသားစုစုပေါင်း ကိုးဆယ်ကျော်ခန့်ရှိပြီး အဲဒီအထဲမှာ နိုင် ငံရေးပြစ်မှုတွေဖြစ်တဲ့ ပုဒ်မ ၅၀၅(က)(ခ) တွေအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမိန့်ချ မှတ်ခံထားရတဲ့ အကျဉ်းသား သုံးဆယ်ကျော်နဲ့ အကျဉ်းသူ ဆယ်ဦး ကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီနိုင်ငံရေး အကျဉ်းသားလေးဆယ်ကျော်ထဲမှာ အနည်းဆုံးထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် တသက်အထိ ချမှတ်ခံထားရသူတွေလည်းပါ၀င်နေသလို ရဲအချူပ်မှာ နှစ်နှစ် နီးပါးချူပ်နှောင်ခံထားရသူတွေ လည်းပါ တယ်လို့ (PPNM) ကဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အချိန်နဲ့တပြေးညီ သက်ဆိုင်ရာအကျဉ်းထောင်တွေဆီမပို့တဲ့အတွက် အကျဉ်း သား တွေဟာ တလတကြိမ် မိသားစုနဲ့တွေ့ဆုံခွင့်၊ ထောင်၀င်နံပါတ် မရရှိသေးတဲ့အတွက် လျှော့ရက် ခံစားခွင့်၊ အခါ ကြီးရက်ကြီးတွေမှာ ပေးလေ့ရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကို မရတော့ဘူးလို့ ကိုသိုက်ထွန်းဦးကရှင်းပြ ပါတယ်။

“သူတို့လမ်းကြောင်းမှာ လုံခြုံရေး စိတ်မချရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အကျဉ်းထောင်တွေကို မပို့တာ  ပေါ့ နော်၊မိသားစုတွေနဲ့လည်း အဆက်အသွယ်ပြတ်နေတာဆိုတော့ ထောင်၀င်စာ ပါဆယ်ရဖို့လည်း သူတို့မှာ အခွင့် အရေးမရှိဘူး ဖြစ်နေတယ် ” လို့ သူကဆက်ပြောပါတယ်။

လက်ရှိ ဂန့်ဂေါရဲစခန်းကို ဒုရဲမှူး လှဇော်၀င်းဆိုသူက ဦးဆောင်အုပ်ချူပ်နေပြီး ရဲစခန်းအချူပ်အတွင်းမှာ လူဦးရေ ပြည့်ကျပ်နေတာကြောင့် အကျဉ်းသားတွေ နေထိုင်ရေးအခက်တွေ့နေတဲ့အပြင် ရိက္ခာလည်း လုံလုံလောက် လောက်မရဘဲ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ PPNM ကဆိုထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ မြို့နယ်တွေက ရဲစခန်းအချုပ်ထောင် တွေမှာ လည်း အခုလိုပဲ နိုင်ငံရေးအကျဉ်းသားတွေကို သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနလက်အောက်ရှိ အကျဉ်းထောင် တွေကို မပို့ဘဲ ဆက်လက်ဖမ်းဆီးထားတာတွေလုပ်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏသိမ်းပြီးနောက် ဒီလ ၁၉ ရက်နေ့အထိ မတရားအာဏသိမ်းမှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဖမ်းဆီးခံရသူပေါင်းဟာ ၂၆၂၅၁ ဦးအထိရှိပြီး အဲဒီအ ထဲမှာ ၂၀၁၁၉ ဦးက ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။