ဂျပန် ကမ်းလွန်မှာ တောင်ကိုရီးယား ရေနံတင်သင်္ဘော တိမ်းမှောက်ပြီး ခုနစ်ဦး ပျောက်ဆုံးနေ

မတ်၊ ၂၀

ဂျပန်နိုင်ငံ ကမ်းလွန် ပင်လယ်ပြင်မှာ တောင်ကိုရီးယား ရေနံတင် သင်္ဘောတစီး တိမ်းမှောက်ပြီး ၇ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မတ်လ ၂၀ မနက် အစောပိုင်းက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ရေပြင်မှာ အရေးပေါ် အချက်ပြ အကူအညီ တောင်းခံမှုကို ရရှိခဲ့တဲ့နောက် ဂျပန် ကမ်းခြေစောင့်တပ်က အလျင်အမြန် သွားရောက်ခဲ့ပါတယ်။ ဓာတုပစ္စည်းတွေ တင်ဆောင်တဲ့ Keoyoung Sun သင်္ဘောဟာ ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိလာချိန်မှာ တခြမ်းစောင်းပြီး တိမ်းမှောက်လုနီးပါး ဖြစ်နေပါပြီ။

ဂျပန် ကမ်းခြေစောင့်တပ်က သင်္ဘောသား ၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ ၇ ဦးကို ဆက်လက် ရှာဖွေနေပါတယ်။

သင်္ဘောဟာ ပင်လယ်ပြင်မှာ ရာသီဥတု ပြင်းထန် ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ဂျပန်ပိုင် မူဆူရီ ကျွန်းနားမှာ ယာယီ ခိုလှုံနေတဲ့အချိန် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ရေယာဉ် တိမ်းမှောက်တဲ့ နေရာဟာ ဂျပန်ရဲ့ အဓိက ကျွန်းမကြီး ကျူရှူးရဲ့ ကမ်းရိုးတန်းနဲ့ သိပ်မဝေးဘဲ မြို့တော် တိုကျိုကနေ ဆိုရင်တော့ ကီလိုမီတာ ၁၀၀၀ လောက် အလှမ်းကွာပါတယ်။

နောက်ဆုံး တွေ့ရှိတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာတော့ သင်္ဘောဟာ လုံးဝဥဿုံ ဇောက်ထိုးဂျွမ်းပြန် တိမ်းမှောက်နေပြီး အနီရောင် ဝမ်းဗိုက်ပိုင်းက ရေပေါ် ပေါ်နေတာကို တွေ့ရပါတယ်။

ကယ်ဆယ်လို့ ရထားတဲ့ သင်္ဘောသား ၄ ဦးရဲ့ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နောက်ပြီး ရေယာဉ် ဘာကြောင့် တိမ်းမှောက်ခဲ့သလဲ ဆိုတာကလည်း သတင်းတွေ ရှုပ်ထွေးနေဆဲပါ။

NHKသတင်းဌာနရဲ့ ဖော်ပြချက်အရ သင်္ဘောပေါ်မှာ တရုတ် ၁ ဦး၊ တောင်ကိုရီးယား ၂ ဦးနဲ့ အင်ဒိုနီးရှား ၈ ဦး လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

 

Ref: NHK