ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် ၅၄ လေလံဝင်ဆွဲသူမရှိလို့ လေလံပွဲ အထမမြောက်

မတ်၊ ၂၀
 
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) ကိုလေလံတင် ရောင်းချဖို့အတွက် စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဒီကနေ့ ကြိုးပမ်းခဲ့ပေမယ့် လေလံဆွဲ ၀ယ်ယူမယ့်သူ မရှိတာကြောင့် လေလံပွဲ အထမမြောက်ခဲ့ဘူးလို့ ဘီဘီစီမြန်မာပိုင်းသတင်းအရ သိရပါတယ်။
 
ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ ဗဟန်းမြို့နယ် တရားရုံးက အရာရှိတွေက ခြံအမှတ် (၅၄) ရှေ့မှာ လေလံဆွဲမယ့်သူ ရှိ၊ မရှိ သုံးကြိမ် မေးမြန်းခဲ့ပြီးနောက် လေလံဆွဲမယ်သူ မရှိတာကြောင့် လေလံပွဲ မအောင်မြင်ကြောင်း ကြေညာသွားတယ်လို့ BBC က ရေးသားထားပါတယ်။
 
အခုလို လေလံပွဲ မအောင်မြင်ခဲ့တာကြောင့် တရားရုံးအနေနဲ့ နောက်တစ်ကြိမ် ထပ်မံပြီး လေလံဆွဲရမယ့်ရက်ကို ပြန်လည်သတ်မှတ်ပေးရမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါ့ရင်တရားလွှတ်တော် ရှေ့နေတဦးက မှတ်ချက်ပြုပါတယ်။
 
“ဘယ်၀ယ်ရဲမလဲဗျ အစောကြီးကတည်းက ဒီခြံ လေလံမအောင်နိုင်ဘူးဆိုတာ အားလုံးက သိပါတယ်။ လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီး ဘယ်သူ၀ယ်ရဲမလဲ ဒါပေမယ့် တခုတော့ရှိတာပေါ့ဗျ၊ အမွေကိစ္စဖြစ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအမှုအပေါ်မှာ သူရဲ့ရှေ့နေတွေနဲ့ တိုင်ပင်ခွင့် တွေ့ဆုံခွင့် ညှိနှိုင်းခွင့် ဒါတွေကတော့ ဥပဒေအရ ပေးကိုပေးရတော့မယ်” လို့ သူကဆိုပါတယ်။
 
ဥပဒေအရ လေလံတင်တဲ့နေ့မှာ လေလံဆွဲမယ်သူ မရှိခဲ့တာကြောင့် ကြမ်းခင်းစျေးကို ပြန်လည်ပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် အမွေဆိုင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ရဲ့ နှစ်ဖက်ရှေ့နေတွေက ပြန်လည်လျှောက်ထားရမှာ ဖြစ်ပြီး တရားရုံးက ပြန်လည်ဆုံးဖြတ်ပေးရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
 
ခြံအမှတ် (၅၄) ကို လေလံတင်ရောင်းချနိုင်ဖို့အတွက် ကြမ်းခင်းစျေးအဖြစ် ကျပ်သိန်းပေါင်း သုံးသန်းကျော် (အမေရိကန်ဒေါ်လာ သန်း ကိုးဆယ်ခန့်) နဲ့ ကမာရွတ်ခရိုင်တရားရုံးက ပြီးဇန်နဝါရီလ ၂၅ ရက်နေ့မှာ စျေးသတ်မှတ်ပေးခဲ့ပြီး ဒီကနေ့ မှာလေလံတင်ရောင်းချဖို့ ရက်သတ်မှတ်ပေးခဲ့တာပါ။
 
အခုလို လေလံတင်ရောင်းချမယ်ကိစ္စနဲ့ ပတ်သက်ပြီး လေလံကြမ်းခင်းစျေးကို ဒေါ်အောင်ဆန်းစုကြည် သိရှိမှု မရှိသေးတဲ့အတွက် နည်းလမ်းတကျ ဆောင်ရွက်မှုမရှိဘူးဆိုပြီး သူမရဲ့ ရှေ့နေအဖွဲ့က ဒီလ ၅ ရက်နေ့မှာ ရန်ကုန်တိုင်း တရားရုံးမှာ တရားမပြင်ဆင်မှု လျှောက်ထားတာတွေ ပြုလုပ်ခဲ့ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဘက်က အခုလို တရားမပြင်ဆင်မှု တက်ထားတဲ့အတွက် အပြီးသတ်အမိန့်ကို တရားရုံးက မချမှတ်ရသေးခင်အချိန်အထိ လေလံတင်ရောင်းချဖို့ ချမှတ်ထားတဲ့အမိန့်ကို ရပ်ဆိုင်းထားဖို့အတွက် လေလံစီမံအရာရှိ (ဘီလစ်) ကတဆင့် လျှောက်ထားနိုင်သေးတယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
 
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် အမည်နဲ့ပိုင်ဆိုင်ထားတဲ့ ခြံအမှတ် (၅၄) နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် သူမရဲ့အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၂၀၀၁ ခုနှစ်လောက်ကတည်းက အမွေခွဲဝေပေးစေလိုမှုနဲ့ တရားစွဲဆိုခဲ့တာပါ။
 
အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ဖမ်းဆီးအကျဉ်းချထားမှုကြောင့် သူမအမေ ပိုင်ဆိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) မှာ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေရချိန်ပါ။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်အရောက်မှာ တရားရုံးက တယောက်တ၀က်ခွဲဝေယူဖို့ အမိန့်ချပေးခဲ့ပါတယ်။
 
အဲဒီအမိန့်အတွက် ဒေါ်အောင်ဆန်စုကြည်က အယူခံတက်ခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ်မှာတော့ အနောက်ပိုင်းခရိုင် တရားရုံးကနေ ဦးအောင်ဆန်းဦးကို ပေ ၁၀၀ မေ ၇၀ ခန့် အကျယ်ရှိတဲ့ နေအိမ် အရှေ့ဘက်အား ပေးအပ်ခဲ့ပြီး နှစ်ထပ်အိမ် ပါ၀င်တဲ့ အနောက်ဘက်ခြမ်းကို ဒေါ်အောင်ဆန်းစုကြည်က ယူစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
 
ဒါပေမယ့် နိုင်ငံခြားသားအဖြစ် ခံယူထားတဲ့ ဦးအောင်ဆန်းဦးဖက်ကတော့ ခြံကိုရောင်းပြီး တယောက်တ၀က် ခွဲဝေးပေးဖို့အတွက် တရားရုံးအဆင့်ဆင့်မှာ အယူခံတက်ခဲ့သော်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။
 
အဲဒီနောက် စစ်တပ်အာဏသိမ်းထားတဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ အတွင်းမှာတော့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးဆောင်ဆန်းဦးရဲ့ တင်ပြချက်အတိုင်း ပြန်လည်လက်ခံ ဆောင်ရွက်ပေးဖို့ အမိန့်ချခဲ့တာပါ။
 
နိုင်ငံခြားသားအဖြစ် ခံယူထားတဲ့ ဦးအောင်ဆန်းဦးအတွက် ဥပဒေအရ မရွေ့မပြောင်းနိုင်တဲ့ ခြံနဲ့အိမ်ကို အမွေဆက်ခံ ပိုင်ခွင့်မရှိတဲ့အတွက် ခြံကိုရောင်းပြီး ပိုက်ဆံယူဖို့ဆန္ဒရှိနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ သမိုင်း၀င်နေရာအဖြစ် သတ်မှတ်ပြီး လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဆန္ဒရှိနေတာပါ။
 
ခြံအမှတ် (၅၄) နဲ့ပတ်သက်ပြီး မိသားစုအမွေဆိုင်အမှုဖြစ်ပေမယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပက်သက်နေတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်ပိုင်ဆိုင်ခဲ့တဲ့ နေအိမ်ဖြစ်နေတာတွေကြောင့် လူထုက ဒီအမှုနဲ့ပတ်သက်ပြီး စိတ်၀င်တစား စောင့်ကြည့်နေကြတာပါ။
 
လူထုက သမိုင်း၀င်အဆောက်အဦးလို အသိအမှတ်ပြုထားတဲ့ခြံအမှတ် (၅၄) မှာ ဒေါ်ခင်ကြည် ကွယ်လွန်တဲ့အချိန်အထိ နေထိုင်ခဲ့သလို အဲဒီအိမ်မှာပဲ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် သမ္မတ အိုဘားမား၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီးမွန်း၊ ဟီလာရီကလင်တန် အပါအ၀င် ကမ္ဘာခေါင်ေးဆာင်တွေနဲ့ တွေ့ဆုံတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
 
ဓာတ်ပုံ – Google
ပုံစာ – နိုင်ငံတကာသံတမန်တဦးနဲ့အတူ သတင်းရှင်းလင်းပွဲလုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြံအမှတ် ၅၄ မှာ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်