ထားဝယ်ထောင်မှာ ဖုန်းတွေ့လို့ဆိုကာ နိုင်/ကျဥ်းတွေအပါအဝင် အကျဥ်းသား နှစ်ဆယ်ကျော် ရိုက်နှက်တိုက်ပိတ် ခံထားရ

မတ်၊ ၂၀
 
တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်မှာ လက်ကိုင်ဖုန်းတွေ မိလို့ဆိုကာ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသား နှစ်ဆယ်ကျော်ကို ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN)က ထုတ်ပြန်ထားပါတယ်။
 
“နိုင်/ကျဥ်းက တဝက်လောက်ပါတယ်၊ ဖုန်းက ဘယ်နလုံးမိလဲ မသိရဘူး၊ အစက တိုက်ပိတ်ရုံပဲ၊ ပြီးမှ ပြန်ခေါ်ထုတ်ပြီး ရိုက်စစ်တာ၊ ရိုက်ပြီးမှပဲ သီးသန့်အခန်းထဲ ပြန်ထည့်ပြီး တိုက်ပိတ်ထားတယ်” လို့ DPPN တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နဲ့ ၁၅ ရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲနဲ့ စရဖတပ်ဖွဲ့ဝင်တွေ ထောင်တွင်း အထူးစစ်ဆေးရေး ဝင်လုပ်ရာကနေ အခုလို လက်ကိုင်ဖုန်းတွေ စစ်ဆေးတွေ့ရှိသွားတယ်လို့ သိရပါတယ်။
 
ရိုက်နှက်ခံရတဲ့သူတွေကတော့ ခေါင်းကွဲ၊ မျက်နှာဖူးရောင်တာနဲ့ ခန္ဓာကိုယ်အနှံ့ ညိုမဲစွဲဒဏ်ရာတွေ ရခဲ့တဲ့အပြင် ခြေကျိုးလုနီးပါးအထိ ဒဏ်ရာရခဲ့တာလည်း ရှိတယ်လို့ ဆိုပါတယ်။
 
“ဆေးကုသမှုလည်း ရမယ့်ပုံမပေါ်ဘူး၊ ထောင်မှာက ဆေးပေးခန်းလေးပဲရှိတာ” လို့လည်း DPPN တာဝန်ရှိသူက ပြောပါ တယ်။
 
ထားဝယ်အကျဥ်းထောင်မှာ အရင်ကလည်း အခုလိုစစ်ဆေးရေးဝင်ရာကနေ လက်ကိုင်ဖုန်းတွေမိလို့ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသားတွေ ရိုက်နှက်တိုက်ပိတ်ခံရတာ ရှိခဲ့ဖူးပါတယ်။
 
လက်ရှိ ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့ သူတွေကိုတော့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ခြောက်လစီ ထပ်တိုးသွားဖို့ရှိတယ်လို့ ကနဦးသိရပေမယ့် အတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။
 
“အရင်ကလည်း အဲလိုထပ်တိုးတာ ရှိခဲ့ဖူးတော့ သေချာသလောက်တော့ ရှိတယ်” လို့ DPPN တာဝန်ရှိသူက ပြောပါတယ်။
 
ဒါ့အပြင် မတ်လ ၁၇ ရက်ကတော့ ထားဝယ်အကျဥ်းထောင်ထဲကနေ အကျဥ်းသားနှစ်ဦးကို ခေါင်းစွပ်အနက်ရောင်စွပ်ပြီး ထောင်ဝင်းအပြင်ကို ခေါ်ထုတ်သွားတယ်လို့လည်း သိရပါတယ်။
 
သူတို့နှစ်ဦးကတော့ ဖုန်းတွေ့လို့ ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့အထဲပါတဲ့ အကျဥ်းသားတွေ ဟုတ် မဟုတ်ဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။
 
“ခေါ်ထုတ်သွားတာကို မျက်မြင်နဲ့ အတည်ပြုလို့ရတာပဲရှိတယ်၊ သံသယရှိလို့ စစ်ကြောရေးမှာ ထပ်စစ်တာမျိုးလုပ်ဖို့ဖြစ်လိမ့်မယ်” လို့ DPPN တာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လထဲကလည်း ထားဝယ်အကျဥ်းထောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း ရှာဖွေရာကနေ လက်ကိုင်ဖုန်းတွေ မိလို့ဆိုကာ အကျဥ်းသားတွေကို ရိုက်နှက်စစ်ဆေးခဲ့တဲ့အပြင် ထပ်တိုး ထောင်ဒဏ် ချမှတ်တာတွေပါ လုပ်ခဲ့ပါတယ်။
 
ဒါ့အပြင် ထောင်ဝန်းအတွင်းရှိ ဒုထောင်ပိုင်အိမ်မှာလည်း မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်ဆိုပြီး ဒုထောင်ပိုင်အပြင် ထောင်ပိုင်ကိုပါ စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – DNA