ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်

မတ် ၁၉

ရခိုင်ပြည်နယ်မှတ်ပုံတင် (၁၁မျဉ်းစောင်း)ကိုင်ဆောင်သူတွေကို အဝေးပြေးခရီးသည်တင်ယာဉ် လိုင်းတွေအနေနဲ့ လက်မှတ်မရောင်းချဖို့ စစ်ကောင်စီကတားမြစ်ပိတ်ပင်ထားတယ်လို့ ယာဉ်လိုင်းတွေဆီကစုံစမ်းသိရှိရပါတယ်။

“ကားစီးမယ်ဆိုရင် မှတ်ပုံတင်မူရင်းနဲ့ မိတ္တူုလိုမယ်၊ ၁၁ မျဉ်းစောင်းတွေဆိုရင်တော့ ကားစီးခွင့်မရဘူးနော်” လို့ ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်လိုင်းတခုကDNAကို ပြောပါတယ်။

၁၁မျဉ်းစောင်းမှတ်ပုံတင်ကိုင်သူတွေကို ခရီးသွားခွင့်မပြုကြောင်းနဲ့ လက်မှတ်မရောင်းပေးဖို့ စစ်ကောင်စီလက် အောက်ခံတွေက ရန်ကုန်မြို့မှာရှိတဲ့အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေကို မနေ့ကစပြီးညွှန်ကြားခဲ့တာလို့ သိရပါတယ်။

“ဂိတ်တွေကို မေးကြည့်တာ လက်မှတ်တွေ ရောင်းလို့မရဘူးပြောတယ်၊ တနိုင်ငံလုံး သွားမရတော့ တာထင် တယ်”လို့ ရန်ကုန်ရောက်ရခိုင်လူငယ်တဦးက ဆိုပါတယ်။

ရန်ကုန်-စစ်တွေ၊ရန်ကုန်-မန္တလေး ပြေးဆွဲတဲ့ ယာဉ်လိုင်းတခုရဲ့ တာဝန်ရှိသူကလည်း အလားတူ ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့အခုညွန်ကြားချက်ဟာ ရန်ကုန်တိုင်းအတွင်းမှာနေထိုင်တဲ့ ရခိုင်မှတ်ပုံတင်ကိုင်ဆောင် သူတွေကိုပဲ ရည်ရွယ်တာဟုတ်မဟုတ် DNA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ရခိုင်သတင်းဌာနတခုဖြစ်တဲ့ Western News ကတော့ အခုပိတ်ပင်တားမြစ်မှုဟာ ရန်ကုန်တိုင်းအတွင်းက ရခိုင် တွေကို ရည်ရွယ်တာလို့ရေးသားဖော်ပြထားပါတယ်။

အခုလို ခရီးသွားလာခွင့် ကန့်သတ်တာနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်ကတော့အတိအလင်းထုတ်ပြန်ပြောဆို မှုတစုံတရာမရှိသေးပါဘူး။

စစ်ကောင်စီဟာရခိုင်ပြည်နယ်မှာ လက်ရှိ ရခိုင့်တပ်တော် AA ရဲ့ထိုးစစ်တွေကြောင့် အထိနာနေပြီး ပြည်နယ် အတွင်း စုစုပေါင်း ၁၇မြို့နယ်ထဲက ထက်ဝက်လောက်ဖြစ်တဲ့ ရှစ်မြို့နယ်ကိုလက်လွှတ်ထားရသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်အများအပြားလည်း  သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရပါတယ်။

အဲ့ဒိတိုက်ပွဲကာလအတွင်းမှာပဲ တခြားဒေသတွေကနေ နေရပ်ပြန်ဖို့ကြိုးစားတဲ့ ရခိုင်တိုင်းရင်းသားတွေကို စစ် ကောင်စီကပိတ်ပင်တားဆီးတာ၊ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့ပါသေးတယ်။

“ရခိုင်ကိုတော့ ကားလမ်းတွေက ပိတ်ထားလို့ အရင်ကတည်းကမစီးရတာ၊အခုကတော့ ကျန်တဲ့ ဒေသတွေကိုပါ သွားမရတော့ဘူးဆိုတဲ့ သဘောပေါ့”လို့ ရခိုင်လူငယ်တဦးကပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသတိုက်ပွဲတွေစပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်မဘက်ကနေ ရခိုင် ပြည်တွင်း လာတဲ့ ကားလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ထားခဲ့ပြီး လေကြောင်းလိုင်းတခုသာ ခွင့်ပြု ပေးထား ခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်မှာတော့ ရခိုင်ပြည်နယ်ကို လေယာဉ် စီးပြန်မယ့် ခရီးသည်တွေကိုပါ တင်းကျပ်တဲ့စစ်ဆေးမှုတွေလုပ်ခဲ့ပြီး တချို့ကိုတော့ လေယာဉ်စီးခွင့်မပေးဘဲ ပြန်ပို့ တာတွေ ရှိခဲ့ကာ ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။

“၁၁ မျဉ်းစောင်းတွေ လေယာဉ်မစီးရဘူးလို့တော့ ပြောလာတာမရှိသေးဘူး၊ ဒါပေမယ့် အရင်လတွေကတော့ ရခိုင် ပြန်မယ့်သူတချို့ကို အိမ်ပြန်လွှတ်တာရှိတယ်၊ လက်မှတ်ဖိုးတွေ ဆုံးသွားတာပေါ့”လို့ လေယာဉ်လက်မှတ် အ ရောင်း ကိုယ်စားလှယ်တဦးကပြောပါတယ်။

လက်ရှိမှာ ရန်ကုန်လေဆိပ်နဲ့ ကားဂိတ်တို့ကနေတဆင့် ရခိုင်သို့ပြန်မယ့် ရခိုင်ဒေသခံရာဂဏန်းကို စစ်ကောင်စီ တပ်က ဖမ်းဆီးထားတယ်လို့လည်း ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေက DNA ကို ပြောထားပါတယ်။

“ရခိုင်တွေကို ဖမ်းချင်သလိုဖမ်း၊ လုပ်ချင်သလိုလုပ်ဖို့ ပိတ်လှောင်ထားမယ့်သဘော၊ ဒါအမှန်ဆိုရင်တော့ တော် တော်စိုးရိမ်စရာကောင်းတယ်”လို့ ရန်ကုန်မြို့မှာလက်ရှိနေထိုင်နေတဲ့ ရခိုင်လူငယ်တဦးကပြောပါတယ်။

ရက္ခိုင့်တပ်တော်(​AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ရှုံးနေချိန်မှာ လူ ငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ဖို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက် ကနေတဆင့် သတိပေးထားပါတယ်။

AA ပြောခွင့်ရ ခိုင်သုခကလည်း ဖမ်းဆီးထားတဲ့လူငယ်တွေကို မတရားသတ်ဖြတ်တာတွေလုပ်လာခဲ့မယ်ဆိုရင် မိုး ဆုံးမြေဆုံး ပြတ်ပြတ်သားသားလက်တုန့်ပြန်သွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်က ပြုုလုပ်တဲ့ သတင်းစာရှင်း လင်း ပွဲမှာပြောပါတယ်။