စစ်မှုထမ်းမယ့် လူစာရင်းကောက်ခိုင်းနေလို့ သံတွဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ထွက်စာတင်

မတ်၊ ၁၉

ကျေးရွာအလိုက် စစ်မှုထမ်းရမယ့် လူစာရင်းတွေ အ တင်းအဓမ္မကောက်ယူခိုင်းနေတာကြောင့် သံတွဲမြို့န ယ်အတွင်းကကျေးရွာအုပ်ချုပ်ရေးမှူးအားလုံးဟာ မတ်လ၁၈ရက်မှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆီ ထွက်စာတင်ခဲ့ကြတယ်လို့ သိရပါတယ်။

“အုပ်ချုပ်ရေးမှူးတွေအကုန်လုံး နုတ်ထွက်ကြတာ၊ ပေါင်းပြီးထွက်စာတင်လိုက်တာပေ့ါ၊ ပြည်သူ့စစ် လူစာရင်းကောက်တော့ ရွာသားတွေက အမြင်မကြည်ကြဘူးလေ၊ အဲဒါကြောင့် ထွက်ကြတာ”လို့ သံတွဲမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၉ စုလုံးက အုပ်စုအုပ်ချုပ်ရေးမှူးတွေအကုန်လုံး ထွက်စာတင်ခဲ့ ကြတာဖြစ်ပြီး မြို့ပေါ် ရပ်ကွက် ၁၃ ခုက အုပ်ချုပ်ရေးမှူးတွေကတော့ ထွက်စာတင်တာမရှိသေး ဘူးလို့ ဆိုပါတယ်။

အဲဒီလိုထွက်စာတင်ပြီး တရက်အကြာ ဒီနေ့ မတ်လ ၁၉ ရက်နေ့မှာတော့ ထွက်စာတင်ခဲ့ကြတဲ့ အုပ်ချုပ်ရေးမှူး တွေကို သံတွဲအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ဆင့်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

“သူတို့ကတော့ ပေးထွက်မယ်မထင်ဘူး၊ ထွေအုပ်က ခေါ်လို့ အုပ်ချုပ်ရေးမှူးတွေ သွားကြတယ်၊  တချို့က မသွားဘူး၊ မသွားရဲတာလည်း ပါတယ်၊ ဘယ်လို ဖြစ် သွားလဲတော့ အခြေအနေ မသိရသေးဘူး၊ သူတို့ ရောက်မှပဲ မေးကြည့်ရမယ်”လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်တဲ့ သံတွဲဒေသခံနောက်တဦးက ပြောပါတယ်။

နိုင်ငံအဝှမ်း မြို့နဲ့ တပ်စခန်းတွေ လက်လွှတ်ရပြီး တပ် သားဆုံးရှုံးမှုဆက်တိုက်ရှိနေတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အသက် သွင်းပြီး လူငယ်တွေကို တပ်သားစုဆောင်း၊ ဖမ်းဆီးတာ တွေ ဆက်တိုက်လုပ်နေခဲ့တာပါ။

အဲဒီလို စစ်မှုထမ်းဥပဒေအသက်သွင်းပြီးတဲ့နောက် သံတွဲအပါအဝင် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိသေးတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်တွေမှာလည်း တပ်သားစုဆောင်းဖို့ စာရင်းကောက်ယူတာတွေ လုပ်ခဲ့ပါတယ်။

လက်ရှိမှာ သံတွဲမြို့နယ်အတွင်း အသက် ၁၈ နှစ်ကနေ အသက် ၃၀ အတွင်းရှိ လူငယ်တွေကို ပြည်သူ့စစ်အတွက် ဆိုကာ စာရင်းကောက်ယူထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“၃၀ အောက်တွေကို ခေါ်နေတယ်၊ စာရင်းတွေအကုန် လုံးပေးထားကြရပြီ၊ ကျွန်မသားလည်း စာရင်းမှာ ပါနေ တယ်၊ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး၊ သေသာသေ ချင်တော့တယ်၊ ကလေးပဲရှိသေးတာ၊ ဘာမှ သိနားလည် သေးတာ မဟုတ်ဘူး”လို့ သံတွဲမြို့နယ်ကျေးရွာတခုက အမည်မဖော်လိုသူမိခင်တဦးက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ တောင်ကုတ်၊ ဂွ၊ မာန်အောင်၊ အမ်းနဲ့ ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေမြို့ပေါ်တို့မှာလည်း စစ်မှုထမ်းဖို့ စာရင်းကောက်ယူတာတွေလုပ်နေပြီး ရှောင်ပြေးသူတွေရဲ့ မိသားစုတွေကို ဖမ်းဆီး၊ ထောင်ချမယ်ဆိုကာ ခြိမ်းခြောက်နေတယ်လို့ ဆိုကြပါတယ်။

“စာရင်းမှာပါလို့ ခေါ်တာနဲ့ မလာရင် လာဖမ်းမယ်၊ ထွက်ပြေးရင် မိဘတွေကိုဖမ်းမယ်၊ သတ်မယ်၊ အဲလိုတောင် ခြိမ်းခြောက်နေတယ်”လို့ တိုင်းစစ်ဌာနချုပ်တည်ရှိပြီး စစ်ကောင်စီက တစိတ်တပိုင်းထိန်းချုပ်နိုင်သေးတဲ့ အမ်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပေဒကို ပြဌာန်းပြီးတဲ့နောက်မှာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ၊ ရန်ကုန်အပါအဝင် ပြည်မရောက်ရခိုင်လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိသေးတဲ့ ပြည်နယ်တောင်ပိုင်းမှာ ဖမ်းဆီးမှုတွေ ဆက်လုပ်လာခဲ့တာပါ။

ရက္ခိုင့်တပ်တော်(AA)ထိုးစစ်တွေ ဆက်တိုက်လုပ်နေပြီး မြို့တွေတခုပြီး တခု ဆက်တိုက်သိမ်းပိုက်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က အပြည့်အ၀ထိန်းချုပ်နိုင်သေးတဲ့မြို့နယ်ဟာ သံတွဲ၊ ဂွနဲ့ မာန်အောင်တို့ပဲ ကျန်တော့တာပါ။

ပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေအားလုံးနီးပါးကိုတော့ AA ကသိမ်းပိုက်ထားတာမို့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပေဒအရ တပ်သားစုဆောင်းမယ့်အစီအစဉ်တွေဟာ ထိရောက်မှုရှိမှာမဟုတ်တော့ဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့နယ်တို့အတွင်းက ရိုဟင်ဂျာတထောင်နီးပါးကိုလည်း ဖမ်းဆီးစစ်သင်တန်းပေးနေပြီး စစ်တွေမြို့မှ ရိုဟင်ဂျာတွေကိုတော့ ရှေ့တန်းပို့စစ်တိုက်ခိုင်းနေပြီလို့ ဖမ်းဆီးခံရသူရိုဟင်ဂျာတွေရဲ့ မိသားစုဝင်တွေက ပြောထားကြပါတယ်။

AA အနေနဲ့ကတော့ စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေကို ရရာနည်းလမ်းနဲ့ ရုံးထွက်ပြီး လွတ်မြောက်ရာနေရာတွေမှာ လာရောက်ခိုလှုံကြဖို့ အကြံပြု၊ ဖိတ်ခေါ်ထားပါတယ်။ အဲဒီလို လာရောက်ခိုလှုံသူတွေကို ဆန္ဒမပါဘဲ အတင်းအကျပ်

စစ်မှုထမ်းမှာခိုင်းမဟုတ်ဘဲ ဆန္ဒအလျောက် စစ်မှုထမ်းလိုရင်တော့ လက်ခံကြိုဆိုမယ်လို့ AA ပြောခွင့်ရ ဆိုထားပါတယ်။