မင်းပြားက ရိုဟင်ဂျာရွာ လေကြောင်း တိုက်ခိုက်ခံရမှု သတင်းကြောင့် ကုလသမဂ္ဂ အကြီးအကဲ စိုးရိမ်ထိတ်လန့်

မတ်၊ ၁၉

ရခိုင်ပြည်နယ်က ရိုဟင်ဂျာရွာ တခုမှာ လေကြောင်းတိုက်ခိုက်မှု ကြုံခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အကြီးအကဲက စိုးရိမ်ထိတ်လန့်မိတယ်လို့ သူ့ရဲ့ ကိုယ်ရေး အရာရှိ တဦးက ပြောပါတယ်။

မတ်လ ၁၈ ရက် မနက်အစောပိုင်းက မင်းပြားမြို့ မြောက်ဖက် ၅ ကီလိုမီတာလောက် အကွာက ရိုဟင်ဂျာ ကျေးရွာတခုဖြစ်တဲ့ သာဒါမှာ အာဏာသိမ်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သာဒါမှာ မနက်အစောပိုင်း ၁ နာရီ ဝန်းကျင်လောက် ဒေသခံတွေ အိပ်မောကျနေတဲ့အချိန် လေယာဉ်က ဗုံးကြဲချခဲ့တာ ဖြစ်ပါတယ်။ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ရွာမှာ ရိုဟင်ဂျာ အများစု နေထိုင်တယ်လို့လည်း သိရပါတယ်။ Reuters သတင်းဌာနကတော့ ထိခိုက်သေကြေမှု အခြေအနေတွေ တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်ပွဲတွေကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အခုလို ဖြစ်ရပ်တွေက ရှိရင်းစွဲ အခြေအနေဆိုးတွေကို ပိုမို ပြင်းထန်လာစေကြောင်း၊ ကုလသမဂ္ဂ အကြီးအကဲ အနေနဲ့ ပဋိပက္ခတွေ ပိုဆိုးမလာအောင် ဆက်နွှယ် ပတ်သက်သူ အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တိုက်တွန်းလိုကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသွားပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား ဖိနှိပ်မှုကို အခံရဆုံး မျိုးနွယ်စု တခုဖြစ်ပြီး ၂၀၁၇ တုန်းကလည်း စစ်တပ်ရဲ့ လူမျိုးသုဉ်း ဖိနှိပ်ဖြိုခွင်းမှုတွေကြောင့် သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။

စစ်တပ်ဟာ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့တဲ့နောက် ရိုဟင်ဂျာ ကျေးရွာတွေကနေ လူငယ်တွေကို အတင်းအကျပ် စစ်သင်တန်း တက်ခိုင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

 

Ref: Reuters