ရွေးကောက်ပွဲမှာ ထရမ့်ကို ထောက်ခံသွားမှာ မဟုတ်ဘူးလို့ ထရမ့်ရဲ့ ဒုတိယ သမ္မတဟောင်းပြော

မတ်၊ ၁၈

အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံ အားပေးမှာ မဟုတ်ဘူးလို့ သူ့ရဲ့ ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးသူ မိုက်ခ်ပန့်စ်က ပြောပါတယ်။

ပန့်စ်ဟာ ထရမ့်ရဲ့ ပထမဆုံး သမ္မတသက်တမ်း ၄ နှစ်တာအတွင်း သစ္စာအရှိဆုံး လူယုံတော် တဦးအဖြစ် ရပ်တည်ခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်က လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့တဲ့နောက် ထရမ့်နဲ့ ပန့်စ်ကြား ဆက်ဆံရေး စတင် ပြိုကွဲခဲ့ပါတယ်။

ထရမ့်က အဲဒီတုန်းက ရွေးကောက်ပွဲ ရလဒ်ကို​ အသိအမှတ်ပြုဖို့ ငြင်းဆိုပြီး မရိုးသားမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲ ဝေဖန်ခဲ့ပေမယ့် ပန့်စ်က မထောက်ခံခဲ့တာကြောင့် နှစ်ဦးကြား ပြဿနာ တက်ခဲ့တာပါ။

အခုတော့ ထရမ့်ဟာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ ဘိုင်ဒန်နဲ့ မကျေပွဲနွှဲဖို့ သေချာလာခဲ့ပါပြီ။ ပန့်စ်ဟာ ကိုယ်တိုင်လည်း သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ဖူးပေမယ့် လူထု ထောက်ခံမှု အားမကောင်းလှတာကြောင့် စောစောစီးစီးပဲ မဲဆွယ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

ကိုယ်တိုင်က ရီပတ်ဘလစ်ကန် ပါတီဝင်တဦး ဖြစ်နေတဲ့တိုင်အောင် ပန့်စ်ကတော့ သူဟာ ထရမ့်ကို ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း အများစုက အံ့ဩကြမယ် မထင်ဘူးလို့ သူက Fox သတင်းဌာနကို မှတ်ချက် ပေးခဲ့ပါတယ်။

ပန့်စ်ဟာ ထရမ့်ကို ဆန့်ကျင်ပြီး အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သစ္စာစောင့်သိခဲ့တာနဲ့ ပတ်သက်လို့ ထရမ့်ကို အမာခံ အားပေးတဲ့ လက်ယာစွန်းတွေကြားမှာ သစ္စာဖောက် တဦးလို့တောင် ရှုမြင် ခံခဲ့ရပါတယ်။ သူဟာ မူလက ထရမ့်နဲ့အပြိုင် ပါတီကိုယ်စားပြု သမ္မတလောင်းနေရာအတွက် အရွေးချယ်ခံဖို့ စဉ်းစားခဲ့ပေမယ့် အောက်တိုဘာလမှာတင် အဲဒီ အစီအစဉ်ကို ပြန်ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

 

Ref: Fox