မတ်၊ ၁၈
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ တောင်ကိုရီးယား ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက ဒုံးကျည်တစင်း အင်အားပြ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ညီလာခံ တခု တက်ရောက်ဖို့အတွက် တောင်ကိုရီးယားကို ရောက်ရှိခဲ့ပြီး မတ်လ ၁၈ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယားက ဒုံးကျည် ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ စတင် အကောင်အထည် ဖော်ခဲ့တဲ့ ဒီမိုကရေစီ ညီလာခံရဲ့ တတိယ အကြိမ်မြောက် အခမ်းအနားကို တက်ရောက်ဖို့ ဘလင်ကန်က တောင်ကိုရီးယားကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အရှေ့ဖက်ပင်လယ် (ဂျပန်ပင်လယ်)ဖက်ကို အမျိုးအမည်မသိ ဒုံးကျည်တစင်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ဗဟိုစစ်ရေး ကွပ်ကဲမှုဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်ကလည်း မြောက်ကိုရီးယား ဒုံးကျည် ပစ်ခတ်မှုနဲ့ ပင်လယ်ထဲ ကျဆင်းသွားမှုတွေကို အတည်ပြုခဲ့ပါတယ်။
အခုဒုံးကျည် ပစ်ခတ်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှု တခုကို ကိုရီးယားကျွန်းဆွယ်နားမှာ ပြုလုပ် ပြီးစီးခဲ့တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီလို နှစ်ပတ်လည် စစ်ရေး လေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်တာလို့ စွပ်စွဲပြီး ခါးသီးတဲ့ သဘောထားမျိုးနဲ့ တုံ့ပြန်လေ့ ရှိပါတယ်။
မတ်လ ၁၈ ရက်နေ့ ဒုံးကျည် စမ်းသပ်မှုဟာ ပဲ့ထိန်း တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားလို့ ယူဆရပြီး အတည်ပြုနိုင်ခဲ့မယ် ဆိုရင်တော့ ၂၀၂၄ ခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက်ပါ။ မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၁၄ ရက်နေ့တုန်းကလည်း ဟိုက်ပါဆောနစ် တိုက်ချင်းပစ် ဒုံးကျည် တစင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ဖူးကြောင်း သိရပါတယ်။
Ref: Reuters