မတ်၊ ၁၇
ဆိုမာလီယာ ပင်လယ်ဓားပြတွေက စီးနင်းထားပြီး ရေပြင် ဌာနချုပ်အဖြစ် အသုံးပြုနေတဲ့ သင်္ဘော တစီးကို အိန္ဒိယ ရေတပ်က ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
အဲဒီ ရေယာဉ်ဟာ ဆိုမာလီယာ ပင်လယ်ဓားပြတွေရဲ့ လက်ထဲကို ကျရောက်ခဲ့တဲ့နောက် ဒေသတွင်း ပင်လယ်ပြင်တဝိုက် ခုတ်မောင်းသွားလာရာ တခြားသင်္ဘောတွေကို တိုက်ခိုက်ဖို့ အခြေစိုက် စခန်းအဖြစ် အသုံးချ ခံနေရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က MV Ruen သင်္ဘောဟာ အိန္ဒိယ ရေတပ်ရဲ့ INS Kolkata စစ်သင်္ဘောနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပြီး အဲဒီ သင်္ဘောပေါ်ကနေ အိန္ဒိယ ရေတပ် သင်္ဘောဖက်ကို ချိန်ရွယ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ MV Ruenကို ဘူလ်ဂေးရီးယားက ပိုင်ဆိုင်ပြီး ဒီဇင်ဘာလ ကတည်းက ဆိုမာလီယာ ပင်လယ်ဓားပြတွေရဲ့ ကြားဖြတ် ဖမ်းဆီးခြင်းကို ခံထားခဲ့ရတာပါ။
အိုင်းလ်ဆိပ်ကမ်းမှာ လနဲ့ချီ ကမ်းကပ် ရပ်နားထားတဲ့ သင်္ဘောဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ပင်လယ်ပြင်ဆီ ခုတ်မောင်း ထွက်ခွာလာရင်း INS Kolkataနဲ့ တည့်တည့် တိုးခဲ့တာ ဖြစ်ပါတယ်။ ဆိုမာလီယာ ပင်လယ်ဓားပြတွေဟာ ကြီးမားတဲ့ သင်္ဘောတွေကို ဌာနချုပ် ရေယာဉ်အဖြစ် အသုံးပြုပြီး တခြား သင်္ဘောတွေကို တိုက်ခိုက်ဖို့ အသုံးပြုလေ့ ရှိပါတယ်။
အိန္ဒိယ ရေတပ်က အခု စစ်ဆင်ရေးမှာ ပင်လယ်ဓားပြ ၃၅ ဦးစလုံးကို လက်နက်ချ အညံ့ခံဖို့ ဖိအားပေးနိုင်ခဲ့ပြီး MV Ruenရဲ့ အမှုထမ်း ၁၇ ဦးကို အထိအခိုက်မရှိ ကယ်ဆယ် ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ Xကနေ ထုတ်ပြန်ခဲ့ပါတယ်။ မူလကလည်း MV Ruenရဲ့ အမှုထမ်း တဦးကို ကျန်းမာရေး ပြဿနာအတွက် ကယ်ဆယ် ရွှေ့ပြောင်းပေးပြီး ဖြစ်တာကြောင့် သင်္ဘောသားအားလုံး လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ဖြစ်စဉ်မှာတော့ ဆိုမာလီယာ ပင်လယ်ဓားပြတွေက အိန္ဒိယ ရေတပ်သင်္ဘောသာ ရှေ့ဆက်တိုးလာမယ်ဆိုရင် ရေယာဉ် အမှုထမ်းတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သေးကြောင်း သိရပါတယ်။
ပင်လယ်နီ ဒေသမှာ ဂါဇာစစ်ပွဲကို အကြောင်းပြုပြီး အရပ်ဖက် ရေယာဉ်တွေကို ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေက အရှိန်မြှင့် တိုက်ခိုက်လာတဲ့နောက် ဆိုမာလီယာ ရေပြင်မှာ ကင်းလှည့်နေတဲ့ နိုင်ငံတကာ စစ်သင်္ဘောတွေက မဖြစ်မနေ နေရာ ရွှေ့ပြောင်းခဲ့ရပြီး အကျိုးဆက် အနေနဲ့ ဆိုမာလီယာ ပင်လယ်ဓားပြတွေ တကျော့ပြန် ခေါင်းထောင်လာတာလည်း ဖြစ်ပါတယ်။
Ref: Financial Times