ရခိုင်မှာ စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သား နှစ်ဒါဇင်ကျော် သေဆုံး၊ ငါးဆယ်ဝန်းကျင် ဒဏ်ရာရ

မတ်၊ ၁၇
 
ရခိုင်ပြည်နယ်ထဲက ရခိုင့်တပ်တော် AA ထိန်းချုပ် ဒေသတွေထဲ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်အတွင်း အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးကာ ငါးဆယ်ဝန်းကျင်လောက်အထိ ဒဏ်ရာရသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီဟာ ထိန်းချုပ်ဒေသတွေကို လက်လွှတ်ခဲ့ရပြီးနောက် လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ဆက်လုပ်နေပြီး ဒီကနေ့မနက်ပိုင်းက မင်းပြားမြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာတော့ တရွာတည်းက အရပ်သား နှစ်ဆယ်ကျော်သေဆုံးကာ ငါးဆယ်ဝန်းကျင် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
မင်းပြားမြို့နယ် သာဒါရိုဟင်ဂျာရွာထဲကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲခဲ့တာကြောင့် စစ်ရှောင်တွေအပါအ၀င် အရပ်သားအများအပြား သေဆုံးထိခိုက်ခဲ့တာလို့ သိရပါတယ်။
“၂၁ ယောက်က တခါတည်း သေတယ်၊ ဒဏ်ရာ စိုးရိမ်ဒဏ်ရာရတဲ့သူတွေလည်း အများကြီး၊ ဆေးခန်းသွားလို့ လမ်းမှာတင် သေတဲ့သူတွေလည်း ရှိတယ်၊ သေတာ ထပ်တိုးနေပါတယ်” လို့ မင်းပြားမြို့နယ် ဒေသခံရိုဟင်ဂျာတဦးက ပြောပါတယ်။
 
မင်းပြားမြို့အနီး မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ သာဒါရွာမှာ စစ်ဘေးရှောင်ရိုဟင်ဂျာတွေလည်း လာရောက်ခိုလှုံနေကြပြီးအဲဒီ ရွာထဲကို ဒီကနေ့ မတ်လ ၁၈ ရက် မနက် တနာရီ၀န်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
“လေယာဉ်က ချတာ၊ အသံတွေ တအားအကျယ်ကြီး ကြားလိုက်တယ်၊ ညည့်ဆိုရင် အကုန်လုံး ကြောက်နေရပြီ၊ လေယာဉ်တွေ နေ့တိုင်းလို ပျံတယ်” လို့ မင်းပြားမြို့အနီးကျေးရွာတခုက နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
သာဒါရွာက သေဆုံး၊ ဒဏ်ရာရခဲ့တဲ့သူတွေထဲမှာ လသားအရွယ်၊ ဆယ်နှစ်အောက်ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း အများအပြားပါ၀င်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ထိမှန်ဒဏ်ရာရသူ အရေအတွက်ကိုတော့ တိတိကျကျ မသိနိုင်သေးပေမယ့် ငါးဆယ်၀န်းကျင်ရှိနိုင်တယ်လို့ အခင်းဖြစ်နေရာကို ကိုယ်တိုင်သွားကြည့်ခဲ့သူတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ မင်းပြားအပါအ၀င် ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ နေ့စဉ်လုပ်နေပြီး အရပ်သားသေဆုံးရမှုဟာလည်း အများအအပြားရှိလာနေပါတယ်။
 
မနေ့က မနက်ပိုင်းကလည်း မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့လို့ အမျိုးသမီးတဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
 
ဒါ့အပြင် မနေ့ကတရက်တည်းမှာပဲ ပေါက်တောမြို့နယ် လက်ပံပြား၊ မနော်သီရီ၊ တပ်မော်ရွာတို့ကို စစ်တွေအခြေစိုက် တပ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကိုယ်၀န်ဆောင်အပါအ၀င် လေးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
 
လက်ရှိတကျော့ပြန်တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်ထဲက ရှစ်မြို့နယ်အထိ လက်လွှတ်ခဲ့ရသလို တိုက်ပွဲတွေမှာလည်း အထိနာနေတဲ့ စစ်ကောင်စီဟာ အရပ်ဘက်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု နေ့စဉ်ရက်ဆက်လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့ပေါ့တန်တန်မနေဘဲ စစ်ရေးသတိရှိကြဖို့ ရခိုင့်တပ်တော် ULA/AA က ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း သတိပေးထုတ်ပြန်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ထားတဲ့ ရခိုင်က စာသင်ကျောင်းတကျောင်း