ဥရောပရဲ့ ပထမဆုံး လူမည်းနိုင်ငံခေါင်းဆောင် ဖြစ်လာလို့ ဂုဏ်ယူကြောင်း ဝေးလ်စ်ဝန်ကြီးချုပ်သစ်ပြော

မတ်၊ ၁၇

ဥရောပရဲ့ ပထမဆုံး လူမည်းခေါင်းဆောင်အဖြစ် သမိုင်းမှတ်တမ်း ရေးထိုးခွင့် ရမယ့်အတွက် ဂုဏ်ယူမိကြောင်း ဝေးလ်စ် စီးပွားရေးဝန်ကြီး ဗော်ဂန် ဂက်သင်းက ပြောပါတယ်။ 

သူဟာ လက်ရှိ ဝန်ကြီးချုပ် မတ်ခ်ဒရိတ်ခ်ဖို့ဒ်ရဲ့ နေရာကို အစားထိုးဖို့ ယှဉ်ပြိုင်မှုမှာ ပညာရေးဝန်ကြီး ဂျရမီ မိုင်းလ်စ်ကို မဲအရေအတွက် အနည်းငယ်နဲ့ အသာစီး ယူနိုင်ခဲ့ပါတယ်။ ဝေးလ်စ်ဟာ ဗြိတိန်နိုင်ငံ ပိုင်နက်ထဲမှာ ဖွဲ့စည်း ပါဝင်ပေမယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံတခုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေနဲ့ ရပ်တည်နေပါတယ်။

ဒရိတ်ခ်ဖို့ဒ်က သူဟာ ပါတီတွင်းမှာ ဆက်ခံသူ ရွေးချယ်ပြီးတာနဲ့ ရာထူးက နုတ်ထွက်မယ်လို့ ကြေညာထားပါတယ်။ ပါတီတွင်း မဲပေးမှုတွေမှာတော့ ဂက်သင်းက ထောက်ခံမဲ ၅၁.၇ ရာခိုင်နှုန်း၊ မိုင်းလ်စ်က ၄၈.၃ ရာခိုင်နှုူန်းစီ ရရှိခဲ့ကြပါတယ်။ 

ဂက်သင်းဟာ လာမယ့် သီတင်းပတ်မှာ ဝေးလ်စ်လွှတ်တော်ရဲ့ တရားဝင် အတည်ပြုမှုကို ရရှိပြီးရင် နိုင်ငံသမိုင်းမှာတင် မကဘဲ ဥရောပတိုက် တခုလုံးမှာပါ ပထမဆုံး လူမည်း နိုင်ငံခေါင်းဆောင်အဖြစ် မှတ်တမ်း ဝင်လာမှာပါ။ သူဟာ ဝေးလ်စ်နိုင်ငံသား ဖခင်နဲ့ ဇမ်ဘီယာ မိခင်တို့က မွေးဖွားခဲ့တာပါ။

ဗြိတိန်နိုင်ငံရဲ့ လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့ စကော့တလန် ဝန်ကြီးချုပ် ဟွမ်ဇာ ယူဆက်ဖ်တို့ဟာ လည်း အာရှတောင်ပိုင်း အနွယ်ဝင်တွေ ဖြစ်ပါတယ်။

ဂက်သင်းက သူ့ရဲ့ အနိုင်ရမှုနဲ့ ပတ်သက်လို့ နိုင်ငံရဲ့ သမိုင်းသစ် တခုကို ဖန်တီးနိုင်ခဲ့ပြီး အဲဒီသမိုင်းကိုလည်း ပြည်သူတွေ ညီညီညွတ်ညွတ် ဝိုင်းဝန်း ရေးသားခဲ့တာဖြစ်ကြောင်း၊ သူဟာ ဥရောပရဲ့ ပထမဆုံး လူငယ်ခေါင်းဆောင် ဖြစ်လာခွင့် ရလာရုံ အတွက်သာ မကဘဲ မျိုးဆက်တခုရဲ့ အတွေးအခေါ် အလှည့်အပြောင်းမှာပါ ဦးဆောင်ပါဝင်ခွင့် ရခဲ့တဲ့အတွက် အရမ်းဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။

ဂက်သင်းဟာ ကိုဗစ်ကပ်ရောဂါ ကာလတုန်းက ဝေးလ်စ်ရဲ့ ကျန်းမာရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး Tata သံမဏိ ကုမ္ပဏီရဲ့ ဝေးလ်စ်အခြေစိုက် လုပ်ငန်းတွေ ပိတ်သိမ်းမယ့် အစီအစဉ်ကြောင့် အကျပ်အတည်းတွေ ကြုံလာတဲ့ ကာလမှာ စီးပွားရေး ဝန်ကြီးအနေနဲ့ ညှိနှိုင်း ကိုင်တွယ်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဂက်သင်းဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံနှုန်းတွေကို ချိုးဖောက်ကြောင်း စစ်ဆေး တွေ့ရှိဖူးတဲ့ ပြန်လည်သန့်စင် အသုံးချ ကုမ္ပဏီ တခုဆီက မဲဆွယ်မှုအတွက် အလှူငွေ စတာလင်ပေါင် ၂ သိန်း လက်ခံရယူခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့တဲ့တိုင် သူဟာ မဲပေးတဲ့ ကာလတလျှောက် ရေပန်းအစားဆုံး နေရာကနေ ဦးဆောင်ခဲ့ပါတယ်။ သူက အဲဒီ ငွေကြေး အားလုံးကို ရွေးကောက်ပွဲ ဥပဒေတွေနဲ့အညီ မှန်မှန်ကန်ကန် အသုံးချခဲ့ကြောင်း တုံ့ပြန် ဖြေရှင်းထားပါတယ်။

 

Ref: Guardian