သောကပွေစေတဲ့ စစ်မှုထမ်းဥပဒေ

မတ်၊ ၁၆

ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေအပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဖို့ လူစာရင်း ကောက်ခံမှုတွေ အလုံးအရင်းနဲ့ စတင်လာတဲ့နောက် အနယ်နယ်၊အရပ်ရပ်က ပြည်သူတွေ စိုးရိမ်ပူပန်မှုနဲ့ သောက တွေကို နဖူးတွေ့ ဒူးတွေ့ကြုံနေရပါပြီ။

ပြီးခဲ့တဲ့တလကျော်အကြာ ဖေဖော်ဝါရီ  ၁၀ရက်မှာ စတင်အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စိုးရိမ်မှုတွေရှိနှင့်ခဲ့ကြပြီးသာဆိုပေမယ့် အခုကတော့ စဉ်းစားတွေဝေနေဖို့ အချိန်မရှိသလောက်ဖြစ်လာတာပါ။

“အမက အခုမှ ကလေးမွေးထားတာ ရက်ပိုင်းပဲ ရှိသေးတာ၊ အိမ်မှာက မောင်လေးကိုပဲ အားကိုးနေရတာ၊ သူသာ လိုက်သွားရရင် အိမ်ကအမေနဲ့ စားဝမ်းနေရေးတော်တော်ခက်ခဲသွားမှာ၊ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး၊ သူ့ အတွက်လည်း စိုးရိမ်နေရတယ်” လို့နေပြည်တော် လယ်ဝေးမြို့နယ် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီကအသက်သွင်းလိုက်တဲ့ ဥပဒေအရ စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့ မောင်ဖြစ်သူကို စစ်မှုထမ်းဖို့ အ မည်စာရင်းကောက်ယူသွားပြီဖြစ်တာကြောင့် သူအခုလို စိုးရိမ်နေရတာပါ။ 

သန်လျင်မြို့နယ်မှာနေထိုင်တဲ့ CDMကျောင်းသူတဦးကလည်း သူမကိုယ်တိုင်နဲ့ တူမဖြစ်သူတို့နှစ်ဦးလုံး စာရင်း ကောက်တဲ့အထဲပါသွားတာကြောင့် စစ်မှုထမ်းဖို့ခေါ်မခေါ်ဆိုတာ မသေချာသေးပေမယ့် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈နှစ်ကနေ ၃၅နှစ်အထိ၊အမျိုးသမီးဆိုရင် အသက်၁၈နှစ်ကနေ ၂၇နှစ်အထိ စစ်မှုထမ်းဖို့အကျုံးဝင်နေတာပါ။

ဒါ့အပြင် နယ်ပယ်လိုက် ကျွမ်းကျင်သူ၊တတ်သိပညာရှင်အဖြစ်သတ်မှတ်ခံရမယ်ဆိုရင်တော့ အမျိုးသားက ၄၅ နှစ်အထိ အမျိုးသမီးကတော့ အသက် ၃၅နှစ်အထိ အကျုံးဝင်ပါတယ်။ဆင့်ခေါ်ခံရပြီးနောက် စစ်မှုထမ်းဖို့ရွေး ချယ်ခံရသူတွေဟာ သာမာန်အားဖြင့် အနည်းဆုံး နှစ်နှစ် စစ်မှုထမ်းကြရမှာပါ။

ဒီဥပဒေကို အသက်သွင်းပြီးနောက် တလကျော်အတွင်း ဗဟို၊တိုင်းနဲ့ပြည်နယ်၊ခရိုင်မြို့နယ်ရပ်ကျေးအထိ စစ်မှု ထမ်းဆင့်ခေါ်ရေး၊စာရင်းကောက်ယူရေးအဖွဲ့တွေကို စစ်ကောင်စီက တက်သုတ်ရိုက်ဖွဲ့စည်းခဲ့သလို  သင်တန်း ကျောင်းတွေပါစီစဉ်ပြီးပြီလို့ ထုတ်ပြောထားပါတယ်။

လာမယ့် သင်္ကြန်နှစ်သစ်ကူးကာလအလွန် ဧပြီလထဲမှာမှ ပထမဆုံး စစ်မှုထမ်းရမယ့် အသုတ်ကို သင်တန်းငါး ထောင်လောက်နဲ့စတင်မယ်လို့ ပြောထားတဲ့စစ်ကောင်စီဟာ လက်ရှိမှာတော့ နိုင်ငံအနှံ့သူတို့ထိန်းချုပ် ဒေသ တွေမှာ စစ်မှုထမ်းဖို့စာရင်းကောက်ယူမှုတွေကိုပေါ်ပေါ်တင်တင်စတင်နေပြီး နောက်ဆက်တွဲဂယက် ရိုက်ခတ် မှုတွေလည်းရှိနေပါတယ်။

“ရွာမှာတော့ အုပ်ချုပ်ရေးမှူးက အုပ်ချုပ်ရေးမှူးရုံးကို လာခိုင်းတယ်၊ ဟိုရောက်တော့ ဖောင်တွေဖြည့်ခိုင်းတယ်၊ သား၊ သမီး၊ အိမ်ထောင်ရှိ၊ မရှိမေးတယ်၊ ဘယ်နေ့မှာ တာဝန်ထမ်းဆောင်ရမလဲ မသိရသေးဘူး၊ စာရင်းပဲ ယူ ထားတဲ့သဘောထင်တယ်” လို့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဒေသခံတဦးက DNA ကို ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့စာရင်းအရ အသက်ပြည့်ပြီးသူတွေကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက အခုလ ဒုတိယအပတ်က စတင်ကာ အိမ်တိုင်ရာရောက် ကိုယ်ရေး အချက်အလက်ဖောင်ဖြည့်ခိုင်းတာ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဆင့်ခေါ်တာတွေ လုပ်နေတာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းရမယ့်သူတွေရဲ့စာရင်းကို မတ်လနောက်ဆုံးရက်တွေအထိ ပေးရမယ်လို့ စစ် ကောင်စီဘက်က ညွှန်ကြားထားတာဖြစ်ပြီး ပြည်နယ်အတွင်းက ကျေးရွာအုပ်စုငါးရာနီးပါးကနေ စစ်မှုထမ်း  လူငယ်အင်အား ငါးရာခန့်ဆင့်ခေါ်သွား မယ်လို့ ပြီးခဲ့တဲ့သီးတင်းပတ်မှာ ကျင်းပခဲ့တဲ့အစည်းအဝေးတခုမှာ မွန် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ပြောဆိုထားပါတယ်။

အဲဒီပြောဆိုမှုကြောင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက မြို့နယ်အများစုမှာ အသက်ပြည့်ပြီးတဲ့သူတိုင်း စာရင်းတွေကို ရပ်ကွက်အလိုက် အနည်းဆုံးနှစ်ဦးကနေ ဆယ်ဦးအထိ စာရင်းအတိအကျကောက်ယူ ဆင့်ခေါ် တာတွေ စတင်လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

မန္တလေးတိုင်း မဟာအောင်မြေ၊ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်ရှိ ရပ်ကွက်တချို့မှာလည်း အုပ်ချုပ် ရေးမှူးတွေက ဦးဆောင်ပြီး မနေ့မနက်ပိုင်းကစပြီး တအိမ်တက်တအိမ်ဆင်း စာရင်းလိုက်ကောက်တာတွေ လုပ်နေတယ်လို့ ချမ်းအေးသာ စံမြို့နယ်၊ ကံကောက်ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“ကျွန်မတို့ဆီ(မတ်လ ၁၅)ရက် မနက်ပဲလာပေးသွားတယ်၊ အိမ်မှာရှိတဲ့ ယောကျ်ားလေးတွေ အကုန်ဖြည့်ခိုင်း တယ်၊ ပြီးရင် ရပ်ကွက်ရုံးကို လာပေးဖို့ ပြောသွားတယ်” လို့ သူက ပြောပါတယ်။

အလားတူ မဟာအောင်မြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာလည်း အသက်ပြည့်မီတဲ့ အမျိုးသားတွေရှိတဲ့ အိမ်တိုင်းကို စစ်မှုထမ်းဖို့ ဖောင်စာရွက်တွေ လာဝေသွားသလို ဓါတ်ပုံခြောက်ပုံနဲ့အတူ ရပ်ကွက်ရုံးကို လာခဲ့ဖို့ ပြောဆိုသွားတာရှိတယ်လို့ ဆိုပါတယ်။

အခုလို စစ်မှုထမ်းစာရင်း ဖောင်ဖြည့်ခိုင်းတာဟာ တမြို့နယ်နဲ့တမြို့နယ် လုပ်ကိုင်ဆောင်ရွက်ပုံကွဲပြားမှုတွေ ရှိနေ သလို လူဦးရေစာရင်းတောင်းခံရာမှာလည်း မတူညီကြဘူးလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ သာကေတမြို့ခံတဦးကတော့ အသက်ပြည့်ပြီးတဲ့သူတိုင်းကို မတ်လမကုန်ခင်နောက်ဆုံးထား ရပ် ကွက်ရုံးလာပြီး စာရင်းပေးသွင်းဖို့ လိုက်လံအသိပေးထားပြီး ဘယ်နှစ်ဦး ရွေးချယ်ခေါ်ယူသွားမယ်ဆိုတာကို မသိ ရသေးဘူးလို့ ဆိုပါတယ်။

“ရာအိမ်မှူး၊ ဆယ်အိမ်မှူးကနေတဆင့် လိုက်ပြောထားတာရှိတယ်၊ အိမ်တိုင်ရာရောက် လာတာမရှိသေးဘူး၊ ဘယ် နှစ်ဦး ခေါ်မလဲမသိသေးဘူး၊ တချို့ကျတော့ ဖောင်သွားဖြည့်ကြတာရှိနေပြီ” လို့ သူက ပြောပါတယ်။

စစ်မှုထမ်းဥပဒေစတင်အသက်သွင်းလိုက်ကတည်းက စစ်ကောင်စီလက်အောက်မှာ အမှုမထမ်းလိုတာကြောင့်  ပြည်ပထွက်သွားတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေဆီသွားရောက်ပူးပေါင်းကြတာတွေရှိနေသလို အခုစစ်ကောင် စီဘက်က လက်တွေ့စာရင်းကောက်ယူတာတွေလုပ်လာချိန်မှာလည်း လူထုကြား အခြေအနေရှုပ်ရှုပ် ထွေးထွေးရှိနေပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အသိပေးချက်အတိုင်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသွားပြီး စာရင်း ပေးသွင်းနေကြသူတွေ ရှိသလို အခုမှ တော်လှန်ရေးအင်အားစုတွေဆီသွားရောက်ပူးပေါင်းတာ၊ အိမ်နီးချင်းနိုင် ငံဘက် တိမ်းရှောင်သွားကြသူတွေလည်း ရှိနေပါတယ်။

တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုတခုရဲ့ တာဝန်ရှိသူတဦးကတော့ စစ်မှုထမ်းဖို့အတွက် သက် ဆိုင်ရာ ရပ်ကွက်ချုပ်ရေးမှူးရုံးတွေမှာ စာရင်းပေးသွားထားပေမဲ့ စစ်မှုမထမ်းလိုတဲ့အတွက် တော်လှန်ရေး အင် အားစုတွေဆီမှာ တိမ်းရှောင်လာတဲ့သူ ရာချီရှိတယ်လို့ ဆိုပါတယ်။

“လာတဲ့သူက မနည်းဘူးပေါ့နော်၊ အများစုက အဲဒီစစ်မှုထမ်းဥပဒေကြောင့် ထွက်လာကြတာပဲ၊ တချို့ရှိတယ်၊ စာ ရင်းပေးပြီးမှ ထွက်လာတာ၊ အခုဆိုရင် လူက ရာချီရှိပြီ ပြောလို့ရတာပေါ့” လို့ သူက ပြောပါတယ်။

အခုထွက်ပြေးလာသူတိုင်းကို လက်ခံထားပေမဲ့ အဲဒီထဲက တချို့ဟာ စစ်ကောင်စီတပ်ရဲ့ သတင်းပေးဖြစ်နိုင် တာ ကြောင့် သေချာစိစစ်ပြီးမှသာ လက်ခံနေရတာရှိတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် အခုချိန်ထိ နိုင်ငံတဝှမ်းက လူငယ်ပေါင်းထောင်ချီဟာ တော်လှန်ရေးတပ်ဖွဲ့ဆီ ဆက်သွယ်ခဲ့ ကြတာ ရှိတယ်လို့ အိမ်နီးချင်းထိုင်းနိုင်ငံဘက်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မှုတွေကြောင့် အခုလတွင်း မြန်မာနိုင်ငံသား တထောင်နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ အဲ့ဒီနိုင်ငံဘက်က သတင်းတွေအရ သိရပါ တယ်။

ဥပဒေအရ အမျိုးသမီးတွေရော အမျိုးသားတွေပါ အကျုံးဝင်နေပေမယ့် စစ်ကောင်စီကတော့ လတ်တလောမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့မခေါ်သေးဘူးလို့ ဆိုထားပါတယ်၊ဒါပေမယ့်အခု စာရင်းကောက်ယူတဲ့အခါမှာ တော့ အမျိုးသမီးတွေကိုပါ ကောက်ယူနေတာပါ။

ဥပဒေပြဌာန်းချက်အရ စစ်မှုထမ်းကာလကို နှစ်နှစ်သတ်မှတ်ထားပေမယ့် စစ်တပ်အတွက် စက်မှု၊လက်မှုပ ညာ သည်အဖြစ်ဆင့်ခေါ်ခံရမယ်ဆိုရင် သုံးနှစ်အမှုထမ်းရမှာဖြစ်သလို လက်ရှိအခြေအနေအရ ငါးနှစ်လောက်အထိ စစ်မှုထမ်းရနိုင်တဲ့ အလားအလာလည်းရှိနေပါတယ်။

ဥပဒေအရအရေးပေါ်အခြေအနေဆိုရင် ပြည်သူ့စစ်မှုထမ်းကာလကို ငါးနှစ်အထိလို့သတ်မှတ်ထားပြီး လက်ရှိ နိုင် ငံ့ အခြေအနေဟာလည်း အာဏာသိမ်းပြီးကတည်းက အရေးပေါ်အခြေအနေကြေညာထားတာကို သက်တမ်း ထပ်ထပ်တိုးပြီး စစ်ကောင်စီအသက်ဆက်နေရတာပါ။

မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်က ကောက်ယူခဲ့တဲ့ ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူ အ မျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း ရှိတယ်လို့ စစ်ကောင်စီကတွက်ချက်ထားပါတယ်။

အဲဒီထဲကမှ တလကို ငါးထောင်နှုန်းနဲ့ လာမယ့် ဧပြီလကစ ခေါ်ယူသွားမှာဖြစ်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ခဲ့ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောဆို ထားပါတယ်။

ဒါပေမယ့် စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ပေးနိုင်တဲ့အချက်တွေရှိနေသလို လက်ရှိမြေပြင်မှာလည်း ငွေ ကြေးကျပ်သိန်းဆယ်ချီပေးပြီး အလှည့်ကျော် လူစားထိုးတဲ့ ဈေးကွက်လည်းပေါ်ပေါက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

“မော်လမြိုင်မှာတော့ သိန်းငါးဆယ်ပေးရင်တော့ ကင်းလွတ်ခွင့်ပေးမယ်၊ ဒါက လုံးဝကင်းလွတ်ခွင့်ရ သွားတဲ့ သ ဘောမဟုတ်ဘူး၊ နောက်ထပ်ခေါ်ရင် သွားရင်၊ သွားရမဲ့သဘောဖြစ်နေတာ၊ ပိုက်ဆံရှိတဲ့သူတွေကတော့ ပေးနေ ကြတာပေါ့” လို့ မော်လမြိုင်မြို့ခံ တဦးက ပြောပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေအရ ဒီလို ကင်းလွတ်ခွင့်ရဖို့အတွက် ကျပ်သိန်းရှစ်ဆယ်လောက်အထိ ပေါက်ဈေး ရှိတဲ့ ဒေသတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

ဒါဟာ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ ဝရုန်းသုန်းကားဖြစ်နေတဲ့အခြေအနေကို ပြသနေတာ ဖြစ် တယ်လို့ နိုင်ငံရေး လေ့လာ သူတွေက ထောက်ပြကြပါတယ်။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စိတ်ဆန္ဒမပါဘဲ အတင်းအကြပ်ဖိအားပေးခံရပြီး စစ်ထဲ ဝင်ရတဲ့အခါ  အာဏာသိမ်း  စစ်ခေါင်းဆောင်တွေ မျှော်လင့်ထားသလို ဖြစ်လာမှာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

“စိတ်ဆန္ဒမပါပဲနဲ့ စစ်ထဲဝင်ရတယ်၊ တလနှစ်လ သင်တန်းပေး ရှေ့တန်းပို့အခါကျတော့ ရှေ့တန်းမှာ အမိန့်မနာ ခံ မှုတွေ၊ တပ်ပြေးတွေ၊ နောက်ကြောက သေနတ်ကိုင်ပြီး ထွက်လာနိုင်စရာ အကြောင်းတွေ ရှိတဲ့အတွက် ဒီလှုပ် ရှားမှုဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မျှော်မှန်းထားသလို သူ့အင်အားတိုးလာတာ မဟုတ်ဘဲနဲ့ သူ့အင်အား ဆုတ်ယုတ်ဖို့အတွက် အကြောင်းတွေ ဖြစ်လာမှာ” လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းခုခံတော်လှန်မှုတွေကြောင့် တပ်အင်အား အဆမတန်လျော့ကျလာတာ၊ ထပ်တိုးအင်အားအဖြစ် ဝင်ရောက်သူနည်းပါးလာတာတွေအပြင် ရှမ်းမြောက်နဲ့ ရခိုင်လို အကြီးအကျယ်စစ်ရှုံးတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ရပြီးချိန်မှာ အခုစစ်မှုုထမ်းဥပဒေအသက်သွင်းလာတာဖြစ်ပါတယ်။

ဒါကြောင့် အင်အားနည်းလာတဲ့ အာဏာသိမ်းစစ်တပ်ကို သွေးသစ်လောင်းပြီး အားပြန်ဖြည့်ဖို့လို့ ပြည်သူတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ လေ့လာသူတွေက တညီတည်းပြောကြပေမယ့် စစ်ကောင်စီကတော့ နိုင်ငံကို ကာကွယ်ဖို့ ဆိုပြီး ဝါဒဖြန့်စည်းရုံးနေပါတယ်။

ဒီလိုဝါဒဖြန့်တဲ့အခါ နိုင်ငံတကာမှာလည်း စစ်မှုမထမ်းမနေရ စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေရှိနေကြောင်း စစ်ကောင်စီ ကထောက်ပြတတ်ပေမယ့် အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်မီးအကြီးအကျယ်လောင်မြိုင်နေတဲ့  အခုလိုအ ချိန်မျိုးမှာ အသက်သွင်းလာတဲ့ စစ်မှုထမ်းဥပဒေကတော့ စစ်အုပ်စုအကျိုးစီးပွားအတွက်အသုံးချဖို့လို့ ရှုမြင်ကြ တာတွေလည်းရှိနေပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို မလိုက်နာဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလာ ဖို့၊ဒါ မှ မဟုတ် လွတ်မြောက်ရာနည်းလမ်းတခုခုကို ရှာဖွေအသုံးပြုဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထား ကြပေမယ့် လက်ရှိပြည်တွင်းနေ မိသားစုသန်းနဲ့ချီကတော့ သောကပွေနေကြရဆဲပါ။

မော်လမြိုင်မြို့ခံလူငယ်တဦးကတော့ လက်ရှိအခြေအနေတွေကြား သူခံစားနေရတာကို အခုလိုပြောလိုက်ပါ တယ်။

“ဘာဆက်လုပ်ရမယ်မှန်း မသိနေဘူး၊ လမ်းပျောက်နေတယ်၊ အိမ်ကနေ ထွက်သွားချင်တယ်၊ ထွက်ရင်လည်း မိ သားစုကို ဒုက္ခပေးမှာ စိုးရိမ်နေရတယ်၊ လူက ကျဉ်းထဲကြပ်ထဲ ရောက်နေတယ်”