မတ် ၊ ၁၆
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပဒိုင်းချောင်းရွာမှာ ခြောက်ရက်အကြာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မတ်လ ၁၆ ရက်၊ မနက်ပိုင်းမှာ ပြန်တွေ့ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“သေနေတာပဲတွေ့ကြတယ်၊ ရွာနားက ခြံထဲမှာပဲတွေ့တာ၊ ဒဏ်ရာတွေလည်း ရထားတယ်ကြားတယ်၊ ဘယ်လို ဒဏ်ရာတွေမှန်းတော့ သေချာမသိဘူး” လို့ ပဒိုင်းချောင်းရွာအနီးမှာရှိတဲ့ မောင်မယ်ရှောင်ရွာခံတဦးက DNA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် မပန်းအိဖြိုးဖြစ်ပြီး မတ်လ ၁၁ ရက် မနက်ပိုင်းမှာ ဖုန်းပြောဖို့အတွက် အိမ်ကနေ ဖုန်းလိုင်းမိတဲ့ နေရာကို ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကိုတော့ ပဒိုင်းချောင်းရွာရှိ ဥယျာဥ်ခြံတခုထဲမှာပဲ တွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။
မပန်းအိဖြိုးရဲ့ မိသားစုဝင်တဦးကတော့ ပခုံးမှာ အပေါက်တပေါက်နဲ့ မှောက်လျက်အနေအထားတွေ့ခဲ့ရပြီး ခြေထောက်မှာလည်း သွေးတွေပေနေတယ်လို့ဒေသအခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ Dawei Watch ကို ပြောဆိုထားပါတယ်။
ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပဒိုင်းချောင်းရွာခံတွေကို ဆက်သွယ်လို့မရသေးတဲ့အတွက် DNA အနေနဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။