မတ် ၊ ၁၆
ဩစတြေးလျက စိုက်ပျိုးရေး ခြံတခုဟာ ကမ္ဘာ့အကြီးဆုံး ဘလူးဘယ်ရီသီးကို စိုက်ပျိုး ဖန်တီးယူနိုင်ပြီး စံချိန်သစ် ရေးထိုးခဲ့ပါတယ်။
အဲဒီ ဘလူးဘယ်ရီသီးကို နိုဝင်ဘာလတုန်းက ခူးဆွတ်ပြီး ရေခဲသေတ္တာထဲမှာ သိုလှောင် သိမ်းဆည်းထားခဲ့တာပါ။ အသီးရဲ့ အရွယ်ဟာ ပင်ပေါင် ဘောလုံးလောက်ရှိပြီး ၄ စင်တီမီတာလောက် ဗြက်ကျယ်ပါတယ်။ အလေးချိန်က ၂၀.၄ ဂရမ်ရှိပြီး ပုံမှန် ဘလူးဘယ်ရီသီးတွေထက် ၁၀ ဆလောက် ပိုကြီးတဲ့ သဘောပါ။
ဩစတြေးလျဟာ အရွယ်အစား ကြီးမားတဲ့ ဘလူးဘယ်ရီသီးတွေ ထွက်ရှိရာ ရေခံမြေခံကောင်း ဖြစ်ခဲ့ပြီး အရင်စံချိန်ကလည်း အနောက် ဩစတြေးလျ ပြည်နယ်မှာ ခူးဆွတ်ခဲ့တဲ့ ၁၆.၂ ဂရမ်လေးတဲ့ အသီးဖြစ်ပါတယ်။
ကမ္ဘာ့စံချိန်သစ် တင်ခဲ့တဲ့ ဘလူးဘယ်ရီသီးကိုတော့ အရွယ်အစား ကြီးမားတဲ့ ဘလူးဘယ်ရီသီးတွေ လူကြိုက်များမှု မြင့်တက်လာတဲ့အတွက် မျိုးစပ်ဖန်တီးနေတဲ့ Costa Groupက စိုက်ပျိုး ထုတ်လုပ်ခဲ့တာပါ။
ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေက အသီးတွေကို အပင်မှာ တွေ့ကတည်းက အရွယ်အရမ်းကြီးမှန်း သိထားပေမယ့် အလေးချိန် ချိန်တွယ်လိုက်တဲ့အခါ အံ့ဩခဲ့ကြရတယ်လို့ ပြောပါတယ်။
အခုတော့ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့ကလည်း Costa Groupရဲ့ ဘလူးဘယ်ရီသီးဟာ ကမ္ဘာ့စံချိန်တင် အရွယ်အစား အကြီးဆုံးဆိုတာကို အသိအမှတ် ပြုလိုက်ပါပြီ။ ဒါပေမဲ့ အဲဒီ အသီးကြီးကို လက်တွေ့ မစားကြည့်ရသေးတာကြောင့် အရသာက ဘယ်လို ထူးကဲနေသလဲ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။
အခုတော့ ကုမ္ပဏီက အဲဒီအသီးကို ဘာဆက်လုပ်ရမလဲ ဆိုတာကိုပါ စဉ်းစားနေရပါတယ်။ ရေရှည်ခံအောင် ထိန်းသိမ်း ပြသမလား၊ စားသောက်မလား၊ စားပစ်မလား ဆိုတာကို လောလောဆယ် မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ဘလူးဘယ်ရီတွေဟာ အရွယ်အစား ကြီးထွားသွားရုံနဲ့ အရသာ အရည်အသွေး ကျဆင်းတာမျိုး ဖြစ်လေ့ မရှိဘူးလို့လည်း သိရပါတယ်။
Ref: BBC