မတ်၊ ၁၅
စစ်ကောင်စီဟာ အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို ရှေ့တန်းပို့စစ်တိုက်ခိုင်းတာ ကြောင့် တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ရိုင်ဟင်ဂျာတွေရှိနေသလို တပ်သားသစ်အဖြစ် အတင်းအကျပ် စုဆောင်းမှု တွေလည်း ဆက်လုပ်နေတယ်လို့ ရခိုင်ဒေသခံရိုဟင်ဂျာတွေက DNA ကို ပြောကြပါတယ်။
စစ်တွေမြို့နယ်အတွင်း ဖမ်းဆီးသင်တန်းပေးထားတဲ့ ရိုဟင်ဂျာလူငယ် ငါးရာကျော်ရှိပြီး အဲဒီထဲကတချို့ကို ရက္ခိုင့် တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ရသေ့တောင်မြို့ပေါ်တိုက်ပွဲကိုစစ်ကူပို့နေတာ လို့ဆိုပါတယ်။
စစ်တွေမြို့နယ်ထဲက ရိုဟင်ဂျာရွာတရွာဖြစ်တဲ့ အုန်းတော်ကြီးရွာခံတဦးကတော့ လတ်တလောရှေ့တန်း အပို့ခံရ ပြီး သေဆုံးသွားသူတွေထဲ သူတို့ရွာသား ဆယ်ဦးပါဝင်ပြီး နှစ်ဦးရဲ့အလောင်းကိုပဲ ပြန်ရထားတယ်လို့ DNAကို အတည်ပြုပြောပါတယ်။
ဒီကနေ့အထိ တိုက်ပွဲထဲအပို့ခံရတဲ့ ရိုဟင်ဂျာဆယ်ချီသေဆုံးသွားပြီလို့ဒေသခံတချို့က ပြောကြတာရှိသလို ရှေ့ တန်းပို့ခံရပြီး ရိုဟင်ဂျာတွေသေဆုံးမှုရှိတာ မှန်ပေမယ့် ဆယ်ဂဏန်းလောက်ရှိတယ်လို့ပြောတာလည်း ရှိနေ ပါ တယ်။
“မွတ်ဆလင်တွေ ရှေ့တန်းမှာပါတာတော့ ဟုတ်တယ်၊ ဒါပေမယ့် နည်းနည်းပဲ၊ ရာချီမဟုတ်ဘူး၊ကျန်တာစစ် တပ် က သတ်လိုက်တာပဲဖြစ်နိုင်တယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ရသေ့တောင်ဒေသခံတဦးက DNAကိုပြောပါတယ်။
စစ်တွေမြို့နယ် ဒေသခံ ရိုဟင်ဂျာလူငယ်တဦးကတော့ရခိုင်တိုက်ပွဲတွေအတွင်း ရှေ့တန်းပို့ခံရပြီး သေဆုံးသွားတဲ့ ရိုဟင်ဂျာ နှစ်ရာနီးပါးအထိ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသွားတဲ့ရိုဟင်ဂျာတွေထဲက တချို့ဟာ ရသေ့တောင်တိုက်ပွဲအတွင်း သေဆုံးခဲ့တာဖြစ်ပြီး တရာကျော် ကတော့ စစ်တွေ၊ ရေချမ်းပြင်ကနေ ရသေ့တောင်ဘက်ကို စစ်ကူပို့ဖို့ မြစ်အကူးမှာ စစ်ကောင်စီတပ်က ပစ်ခတ် တာကြောင့် နစ်မြုပ်သေဆုံးခဲ့ရတာလို့ ဒေသခံရိုဟင်ဂျာတွေကြား သတင်းထွက်ပေါ်နေတာပါ။
အဲ့ဒီအခြေအနေကိုတော့ DNA က ထပ်ပြီး အသေးစိတ်သိရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာလူငယ်ငါးရာကျော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ် အတွင်းမှာ ဖမ်းဆီးကာ စစ်သင်တန်းပေးနေခဲ့တာဖြစ်ပြီး တလမပြည့်ခင်မှာပဲ ရှေ့တန်းပို့ စစ်တိုက်ခိုင်း ခဲ့တာပါ။
အဲဒီလို ရှေ့တန်းပို့အသေအပျောက်တွေရှိနေတဲ့တချိန်တည်းမှာပဲ စစ်ကောင်စီတပ်အရာရှိတွေက စစ်တွေမြို့နယ် အတွင်းရှိ ရိုဟင်ဂျာကျေးရွာတွေကို စစ်မှုထမ်းဖို့ လူစာရင်းထပ်တောင်းလာတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။
စစ်တွေဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ)မှူးနဲ့ ပြည်နယ်ရဲမှူးတို့ဟာ စစ်တွေမြို့နယ် အုန်းတောကြီးရွာကို မနေ့ က မတ်လ ၁၄ ရက်နေ့လယ်ပိုင်းမှာ ရောက်လာပြီး လူစာရင်းထပ်တောင်းခဲ့တာလို့ ဆိုပါတယ်။
“ဒကစမှူးနဲ့ ရဲမှူးက အစည်းအဝေးခေါ်ပြီးတော့ လူထပ်တောင်းတာပေ့ါ၊ ဒီဘက်ကပြောတာက အရှေ့မှာလည်း သေနေကြတယ်၊ ထပ်ပေးဖို့မရှိဘူး၊ ပေးလို့လည်းမရတော့ဘူး၊ အဲလိုငြင်းလိုက်တော့ ခင်ဗျားတို့ မပေးဘူးဆိုရင် ငါတို့ဟာငါတို့နည်းနဲ့ ငါတို့ လာယူမယ်ပြောတယ်”လို့ အုန်းတောကြီးရွာခံ ရိုဟင်ဂျာတဦးက ပြောပါတယ်။
အဲဒီလိုလာရောက်စာရင်းတောင်းခံပြီးနောက် ညနေပိုင်းမှာ စစ်ကားနှစ်စီးနဲ့ အဆင်သင့်စောင့်နေခဲ့ပြီး လူငယ် ခြောက်ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့ကာ ဒီနေ့မနက်ပိုင်းကလည်း စျေးထဲမှာ ကယ်ရီဆွဲနေသူသုံးဦးကို ထပ်ပြီး ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီလို အတင်းအဓမ္မဖမ်းဆီးတာတွေ ဆက်ရှိနေတာကြောင့် ဒေသတွင်းရိုဟင်ဂျာတွေမှာ အပြင်ထွက် အလုပ် လုပ် ကိုင်လို့မရတော့ဘဲ စိုးရိမ်စိတ်တွေနဲ့ နေထိုင်ကြရတယ်လို့ ပြောကြပါတယ်။
“ဘယ်ကိုမှ သွားလာခွင့်မရတဲ့အချိန်မှာ မွတ်ဆလင်တွေအတွက် အရမ်းထိတ်လန့်စရာတခုပါ၊ ရှောင်ရအောင် လည်းဘယ်နေရာကိုသွားရှောင်မလဲ၊ သွားစရာနေရာမရှိဘူး၊ မွတ်ဆလင်တွေအတွက် အကုန်ပိတ်ထားတယ်”လို့ အထက်ပါ အုန်းတောကြီးရွာခံက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ စစ်တွေအပြင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူမြို့နယ်တို့မှာလည်း ရာချီတဲ့ ရိုဟင်ဂျာ တွေကို ဖမ်းဆီးကာ စစ်သင်တန်းပေးနေတာတွေ ရှိပါတယ်။ အဲဒီလို ရိုဟင်ဂျာလူငယ်တွေကို စစ်သင်တန်းပေးဖို့ ဖမ်းဆီးတဲ့အခါ နိုင်ငံသားကဒ်ထုတ်ပေးမယ်၊ ငွေကြေးထောက်ပံ့ပေမယ်၊ လွတ်လပ်စွာ သွားလာခွင့်ပေးမယ်ဆိုပြီး မက်လုံးပေးတာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမယ့် အခုချိန်ထိတော့ နိုင်ငံကားကဒ်ထုတ်ပေးတာမရှိသေးဘူးလို့ ရိုဟင်ဂျာတွေက DNA ကို ပြောထားကြ ပါတယ်။
အခုလို ရိုဟင်ဂျာတွေကို လက်နက်တပ်ဆင်၊ စစ်သင်တန်းပေးကာ ရှေ့တန်းပို့နေတာတွေဟာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာဖန်တီးဖို့၊ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးဖို့ ကြိုးစားနေတာလို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေ ရှုမြင်ကြပါတယ်။
“တကျော့ပြန်လူမျိုးရေးမှိုင်းတိုက်ပေးတာ”လို့ စစ်တွေမြို့နယ်က ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ လူငယ် တဦး က ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခကလည်း “သူတို့မထိန်းချုပ်နိုင်လို့ ဆုတ်ခွာရမယ်ဆိုရင် ရခိုင်ပြည်ထဲ မှာ လက်နက်ကိုင်ပဋိပက္ခပြဿနာတွေ၊ လူမျိုးရေးအဓိကရုဏ်းတွေ ဖန်တီးထားခဲ့ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင် နေ တယ်၊ အဲလိုဟာတွေကို တောက်လျောက်လုပ်နေတာကိုလည်း တွေ့နေရပါတယ်”လို့ ပြောထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရတို့ကတော့ ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတာမရှိဘူးလို့ ယတိပြတ်ငြင်းဆိုထားပါတယ်။
ရခိုင်အပါအဝင် နိုင်ငံအနှံ့မှာ မြို့နဲ့တပ်စခန်းတွေ ဆက်တိုက်လက်လွှတ်နေရပြီး တပ်သားဆုံးရှုံးမှုအများအပြားရှိ နေတဲ့စစ်ကောင်စီဟာ အမျိုးသားဆိုရင် အသက် ၁၈ နှစ် ကနေ၃၅ နှစ်အထိနဲ့ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပေဒကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၀ရက်ကအသက်သွင်းခဲ့ပါတယ်။
အဲဒီနောက်ဆက်တိုက်ဆိုသလို နိုင်ငံ့အနှံ့လူငယ်တွေဖမ်းဆီးခံရတာနဲ့ ပျောက်ဆုံးတာတွေအဖြစ်များလာသလို ရခိုင်ပြည်နယ်မှာလည်း ရိုဟင်ဂျာတွေ၊ စစ်ကောင်စီထိန်းချုပ်နိုင်သေးတဲ့ပြည်နယ်တောင်ပိုင်းမြို့နယ်တွေက ရခိုင်လူငယ်တွေနဲ့ ပြည်မဒေသတွေကရခိုင်လူငယ်တွေကို ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။
ရက္ခိုင့်တပ်တော်(AA)ကတော့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ (မိတ်တွေမူဆလင်အသိုင်းအဝိုင်းလို့ သုံးနှုန်း) တွေအနေနဲ့ စစ်ကောင်စီကစစ်မှုထမ်းခိုင်းနေတဲ့အပေါ် ပြတ်ပြတ်သားသားဆန့်ကျင်ပြီး မှန်ကန်တဲ့ဘက်မှာ ရပ် တည်ကြဖို့၊ တပ်သားအဖြစ်စုဆောင်းခံရရင် ရုန်းထွက်ပြီး လွတ်မြောက်ရာနေရာတွေဆီ လာရောက်ခိုလှုံကြဖို့ တိုက်တွန်း၊ ဖိတ်ခေါ်ထားပါတယ်။
ပုံစာ – ကျောက်ဖြူမြို့နယ်ကျောက်တလုံးရိုဟင်ဂျာစခန်းမှာဖေဖော်ဝါရီလအတွင်းက လူစာရင်းလာကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့