အသွင်ယူ PDF နှစ်ဦးက ကမ္မနယ် ရဲစခန်းထဲက သေနတ်သုံးလက်နဲ့ခဲယမ်းတွေယူပြီးထွက်ပြေးလာ

မတ် ၊ ၁၅

မကွေးတိုင်း ကမ္မမြို့နယ် သာကြီးတောင်ရေနံမြေရဲစခန်းမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လနဲ့ချီအ သွင်ယူပူးပေါင်းနေခဲ့တဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦးဟာ အဲ့ဒီစခန်းကနေ သေနတ်သုံးလက်နဲ့ခဲယမ်းတွေယူပြီး မတ်လ ၁၃ရက်က ထွက်ပြေးလာခဲ့ကြတယ်လို့   မြိုင်မြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့တာ၀န်ခံ ဗိုလ်လက်ယျာက ပြောပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးနဲ့ ကမ္မPDF တပ်ဖွဲ့ဝင်တဦးတို့ဟာ သာကြီးတောင်နယ် မြေရဲ စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီဝင်ထွက်သွားလာနိုင်အောင် လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက အသွင် ယူနေခဲ့ကြတာဖြစ်ပြီး ကြိုတင်ညှိနှိုင်းပြင်ဆင်ကာ လက်နက်ခဲယမ်းတွေယူလာခဲ့ကြတာလို့ သူကဆိုပါတယ်။ 

“ဒီကောင်တွေ(စစ်အုပ်စု)က နယ်ကျွမ်းတဲ့ကောင်တွေကို စျေး၀ယ်ခိုင်းမှန်းသိလို့ကျွန်တော်တို့ရဲဘော်တွေကို ထည့်ထားတာပေါ့နော်၊ကလေးတွေက ဒီကောင်တွေယုံအောင် စျေး၀ယ်တာ အရက်၀ယ်ပေးတာ ဒါမျိုးတွေ သူ တို့ခိုင်းတာလုပ်တယ်၊မစ်ရှင်လုပ်မယ်နေ့မတိုင်ခင် သုံးရက်လောက် သူတို့နဲ့ကြိုတင်ပြောဆိုပြီးတော့ သေနတ် တွေယူလာနိုင်ခဲ့တာပါ ” လို့ ဗိုလ်လက်ယျာကပြောပါတယ်။

အဲ့ဒီ PDF တပ်ဖွဲ့ဝင်နှစ်ဦးဟာ ရဲစခန်းကနေ G-3 သေနတ် သုံးလက်၊ BA-94 (အူစီ) သေနတ် တလက်ယူပြီး ထွက်ပြေးလာတာဖြစ်ပေမယ့် စစ်အုပ်စုကလိုက်လံပစ်ခတ်တာကြောင့် သေနတ် တလက်ကျ ကျန်နေခဲ့ပြီး သုံး လက်သာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ အစုအဖွဲ့လိုက်နေတဲ့ လက်နက်တိုက်က အိပ်ယာဘေးမှာ တယောက်တလက်ချပြီး ကိုယ်ပိုင်နံပါတ်နဲ့ထား တာပေါ့၊ကျွန်တော်တို့နှစ်ယောက်လွတ်ထားတာဆိုတော့ တယောက်ကအရင် ရေနံပိုက်တွေရှိတယ် သွားကြ ရအောင်ဆိုပြီး ရှစ်ယောက်ကိုးယောက်ကို ပထုတ်သွားတယ်၊ နောက်ကျန်တယောက်က သေနတ်တွေ ကောက် ပြေးခဲ့တာ ” လို့ ဗိုလ်လက်ယျာက ပြောပါတယ်။

သာကြီးတောင်ရေနံမြေရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားငါးဆယ်လောက်ပုံမှန်တပ်စွဲထားလေ့ရှိပေမယ့် ငါးလတခါလောက် လူအပြောင်းအလဲ လုပ်တတ်တာကြောင့် အသွင်ယူထားတဲ့ PDF နှစ်ဦးကို မရိပ်မိခဲ့တာလို့ သူကဆက်ပြောပါတယ်။

“ကလေးတွေနဲ့ကျွန်တော်တို့က အဆက်အသွယ်ကမပြတ်ကြဘူး၊သူတို့ကလည်း မိဘတွေဆီခဏပြန် ဦးမယ် ဘာညာနဲ့ကျွန်တော်တို့ စခန်းကို ပြန်လာတတ်တယ်၊ နောက်ပြီးတော့ ဒီကောင်တွေက လူခဏတိုင်း ပြောင်းနေ တာဆိုတော့ အရင်လူတွေက သူတို့ကို အပ်ထားခဲ့တာပေါ့၊ခိုင်းလို့ရတယ်ဆိုပြီးတော့၊ အဲဒါမရိပ်မိ ကြတာပါ ” လို့ ဗိုလ်လက်ယျာကဆိုပါတယ်။

သေနတ်ယူပြေးလာတဲ့ PDF တပ်ဖွဲ့ဝင်နောက်ကို လိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ကြိုတင်စောင့်ဆိုင်း နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ကာကင်းက ကူပစ်ပေးခဲ့တာကြောင့် အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တာလို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။

ရဲစခန်းအတွင်းက သေနတ်တွေကို အောင်မြင်အောင်ယူဆောင်လာနိုင်တဲ့ PDF တပ်ဖွဲ့ဝင်တွေကို ဆုကြေးငွေ အဖြစ် ကျပ်သိန်း တရာစီချီးမြင့်ထားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

photo မြိုင်ပကဖ