သင်္ဃန်းညီနောင်မှာ တိုက်ပွဲပြင်းထန်

မတ်၊ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်မြို့ပတ်ပတ်လည်မှာ ဒီကနေ့ မတ်လ ၁၅ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာ ရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

“ဖြစ်နေတာက တနေရာတည်းမဟုတ်ဘူး၊ ခွဲပြီး စစ်ရေးလှုပ်ရှားနေတဲ့သဘောပေါ့၊ ဒီကောင်တွေ လည်း လေယာဉ်နဲ့ ဗုံးကြဲတယ်၊ တချို့နေရာတွေမှာ ရှင်းလင်းရေးလုပ်နေတာ ရှိတယ်” လို့ မြေပြင်မှာ ပါဝင်နေတဲ့ အမည်မဖော်လိုတဲ့ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ အလုံးစုံမသိမ်းပိုက်နိုင်သေးတဲ့ စစ်ကောင် စီလက် အောက်ခံခြေမြန်တပ်ရင်း ခလရ- ၃၅၆ နဲ့ ခလရ- ၃၅၇ တပ်ရင်းအနီးတဝိုက်ကို ဒီကနေ့ မနက်အ စော ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်နေချိန် မနက် ၁၁ နာရီခွဲလောက်မှာကုန်သွယ်ရေးဇုန်ပတ်လမ်းအနောက်ဘက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဲဒီ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ အရပ်သားတွေ အပါအဝင် ခြောက်ဦးလောက် ထိခိုက် သေဆုံး တယ်လို့ သင်္ဃန်းညီနောင်မြို့ခံတဦးက ပြောပါ တယ်။

“လေယာဉ်နဲ့က တလုံးပဲ ချသွားတာ ထိသွားတာက အရပ်သားတွေလား၊လက်နက်ကိုင်အဖွဲ့အစည်းကလူတွေလား သေချာမသိရဘူးပေါ့နော်၊ ထိတာတော့ ခြောက်ယောက်လောက်ရှိတယ်၊ ရွာသားတွေလည်း ပါတယ်လို့ ကြားရတယ်” လို့ သူက ပြောပါတယ်။

လတ်တလောမှာ လေယာဉ်ပျံဝဲနေတာ၊ လက်နက် ကြီးပစ်ခတ်မှုတွေ ရှိနေသေးတာနဲ့ ပစ်ခတ်မှုတွေ ရှိနေသေးတာကြောင့် ထိခိုက်သေဆုံးသူတွေဟာ ဘယ်သူတွေဆိုတာအတိအကျအတည်မပြုနိုင်သေးပါဘူး။

စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီကနေ့ မနက်ပိုင်းမှာ သင်္ဃန်းညီနောင် အခြေစိုက် ခလရ-၃၅၇ တပ်ရင်းကို လာရောက်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကို အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့် PDF ဘက်က အကျအဆုံးရှိနေတယ်လို့ ရေးသားဖော်ပြ ထားပါ တယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကေအဲန်ယူအပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က သတင်းတစုံ တရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

မြေပြင်တိုက်ပွဲမှာ ပါဝင်နေတဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်ကတော့ ဒီကနေ့တိုက်ပွဲမှာ ပူးပေါင်းအ ဖွဲ့ဘက်က အထိအခိုက်အကျဆုံးမရှိဘူးလို့ တုံ့ပြန် ပါတယ်။

“ကျတာတော့ မရှိသေးဘူး၊ ကိုယ့်ဘက်က အလား အလာကောင်းနေသေးတယ်၊ အပြီးတိုင်းသိမ်းနိုင် ဖို့တော့ ကြိုးစားနေတာ ရှိတယ်” လို့ သူက ပြောပါ တယ်။

ပုံစာ – တော်လှန်ရေးတပ်တွေသိမ်းပိုက်ပြီးနောက် သင်္ဃန်းညီနောင်ရဲစခန်းကိုတွေ့ရစဥ်