ထောက်ပံ့ရေးပစ္စည်း ဝေငှမှုကို စောင့်နေတဲ့ လူအုပ်ထဲ အစ္စရေး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲခံရ

မတ်၊ ၁၅

ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှပေးမှာကို စောင့်နေတဲ့ ပါလက်စတိုင်း လူအုပ်ထဲ အစ္စရေးက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

 မတ်လ ၁၄ ရက် ဖြစ်စဉ်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ၂၀​ ကျော်သေပြီး ၁၅၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 အစ္စရေး စစ်တပ်ကတော့ အခုစွပ်စွဲချက်ကို ငြင်းဆိုထားပြီး အဲဒီလို တိုက်ခိုက်မှု ဖြစ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို စုံစမ်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။

 ဆေးရုံကို ရောက်လာသူတွေထဲမှာ အခြေအနေ ဆိုးရွားသူတွေ အများအပြား ပါဝင်ပြီး အသေအပျောက် ကိန်းဂဏန်းက ဆက်လက် မြင့်တက်လာနိုင်တယ်လို့ ဂါဇာမှာရှိတဲ့ အယ်လ်ရှီဖာ ဆေးရုံရဲ့ အရေးပေါ်ဌာနက ဆရာဝန် တဦးဖြစ်သူ မိုဟာမက် ဂါရက်ဘ်က ဆိုပါတယ်။

 အခင်းဖြစ်ရာ နေရာက ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာရာမှာ ဆိုးရွားတဲ့ ဒဏ်ရာတွေကြောင့် အတုံးအရုံး သေဆုံးနေတဲ့ ရုပ်အလောင်းတွေနဲ့ ဆောက်တည်ရာမရ ဖြစ်နေသူတွေကို တွေ့ခဲ့ရပါတယ်။

 ဂါဇာမှာရှိတဲ့ ကူဝေတီ ဧရိယာနားမှာ စားနပ်ရိက္ခာ အထောက်အပံ့တွေ ရယူနိုင်ဖို့ စုဝေးနေတဲ့ အရပ်သားတွေကို ကျူးကျော်သူ အစ္စရေးတပ်တွေက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့လို့ အခုလို ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့တာလို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ကူဝေတီ အဝိုင်းလို့ခေါ်တဲ့ လမ်းဆုံဟာ ဂါဇာကမ်းမြှောင်ဒေသ မြောက်ပိုင်းက ဂါဇာစီးတီးမြို့မှာ တည်ရှိပါတယ်။

 အစ္စရေး စစ်တပ်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ဘယ်လိုမှ မပတ်သက်ကြောင်း တိုတိုတုတ်တုတ် ကြေညာချက် တခုနဲ့ ငြင်းဆိုပြီး စွပ်စွဲချက်တွေက မမှန်ကန်ဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။

 ဂါဇာမှာ စစ်ပွဲကာလ ပိုမိုကြာမြင့်လာတာနဲ့အမျှ ဒေသခံ ပါလက်စတိုင်းတွေ အငတ်ဘေးကြုံနိုင်တဲ့ ခြိမ်းခြောက်မှုက ပိုမို မြင့်တက်လာနေကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အစ္စရေး စစ်တပ်ဟာ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှတဲ့ နေရာတွေမှာ လူစုလူဝေး ဖြစ်နေတဲ့ ပါလက်စတိုင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ကြောင်း စွပ်စွဲချက်တွေနဲ့ ပိုမို ကြုံတွေ့လာနေရပါတယ်။

 Ref: CNN