မတ်၊ ၁၅
“ဘုရားဖူးလာတဲ့ငါးကြီးတွေ”
ဒီစကားလုံးဟာ မြန်မာလူမှုအသိုက်အဝန်းထဲမှာ ဆယ်စုနှစ်များစွာ အမြစ်တွယ်သုံးစွဲခဲ့ကြတာပါ။ လူအ များစုက “ငါးတွေဘုရားလာဖူးကြတယ်”ဆိုတဲ့စကားလုံးကို ယုံကြည်လက်ခံခဲ့တာကြောင့် ယုံကြည်မှု ပြယုဂ်တခုအနေနဲ့ တောင် ဖြစ်ခဲ့ပါတယ်။
အကျိုးအကြောင်းအချက်အလက် ခိုင်ခိုင်လုံလုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းပြနိုင်တဲ့အခြေအနေအား နည်းခဲ့တဲ့ ကာလ တွေမှာတော့ “ဘုရားဖူးငါးတွေ”ဆိုတဲ့ စကားလုံးကို အုံနဲ့ကျင်းနဲ့ ဆွေးနွေးငြင်းခုံမှုတွေ များများစားစား မရှိခဲ့ပါဘူး။
ငါးတွေအပြင် ဘုရားမြွေ ဆိုပြီး လူတွေက သတ်မှတ်ဖော်ပြ အကျဉ်းချလိုက်တာကြောင့် သဘာဝထဲက တိရိစ္ဆန် တွေ သဘာဝနဲ့ ကင်းကွာသွားကြရတာမျိုးတွေလည်း လက်ရှိမြန်မာနိုင်ငံမှာအားကောင်းနေဆဲပါ။
ဒီနေ့လိုခေတ်မှာတော့ “ငါးတွေဘုရားဖူးတယ်”ဆိုတာကိုလက်မခံသူတွေဒုနဲ့ဒေးရှိလာသလို အချက် အ လက်၊ အ ကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ ရှင်းပြနိုင်တဲ့၊ရှင်းပြနေတဲ့၊အသိပညာအပေးအယူလုပ်နိုင်တဲ့၊ ငြင်းခုန်ဆွေးနိုင်တဲ့ လမ်းကြောင်းတွေကလည်း များများစားစားရှိနေပါပြီ။
လတ်တလော လူမှုကွန်ရက်ပေါ်မှာဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ မော်တင်စွန်းကမ်းခြေက အဖြစ်ကို ကြည့် ရင်ပဲ ဒီအချက်ကိုသတိပြုမိနိုင်ပါတယ်။
“ဒေသခံတွေတောင် တွေရခဲတဲ့လင်းပိုင်တွေပါ၊ဘုရားဖူးလာတယ်ဆိုလားပဲ” ဆိုတဲ့ စာသားနဲ့အတူ Tiktok မှာ တင်လာတဲ့ ရုပ်သံဟာ လူမှုကွန်ရက်တခွင် ပွဲဆူသွားစေခဲ့ပါတယ်။အလားတူ ဖေ့စ်ဘွတ်ခ်မှာ လည်း ကမ်းစပ်မှာ လူတွေရဲ့ထိတွေ့ကိုင်တွယ်ခံနေရတဲ့ လင်းပိုင်တွေရဲ့ဓာတ်ပုံတွေကိုဖော်ပြကြတာလည်းရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်အကြာ မတ်လ ၁၂ရက်က ပုသိမ်မြို့နယ် မော်တင်စွန်းကမ်းခြေက လူတွေကြားရောက် ပြီးလူ မှု ကွန်ရက်မှာ အာရုံစိုက်ခံခဲ့ရတဲ့ အဲ့ဒီလင်းပိုင် ၁၅ကောင်ဟာ အခုတော့သူတို့ကျက်စားရာရေပြင်ထဲပြန်ရောက် သွားကြပါပြီ။
ဒါပေမယ့် “ဘုရားဖူးငါးတွေ” “ဘုရားဖူးလင်းပိုင်တွေ”ဆိုတဲ့စကားလုံးနဲ့ ဒေသခံငါးဖမ်းလုပ်သားတွေ၊ မျက်မြင်ကြုံ ဆုံရဖို့မလွယ်တဲ့ လင်းပိုင်တွေကို နည်းလမ်းတကျမဟုတ်ဘဲ ထိတွေ့ကိုင်တွယ်ခဲ့ကြတဲ့ ဘုရားဖူးတွေရဲ့ လုပ်ရပ် ကတော့ ပြောစရာဖြစ်ကျန်ခဲ့ပါတယ်။
“တိရိစ္ဆာန်ဆိုတာက ဘာသာရေးကိုမသိနိုင်ပါဘူး၊ လင်းပိုင်တွေက ဘုရားပွဲကျင်းပတဲ့အချိန်နဲ့ တိုက်ဆိုင် သွား တာပါ၊ ဗုဒ္ဓဘာသာဝင်တွေက ဘုရားလာဖူးတာဆိုတော့ ငါးတွေလာတာမြင်ရင်လည်း ဘုရားလာဖူး တယ်ပေါ့၊ သူတို့ထင်တာက”လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးဖုန်းမော် က “ငါးတွေ ဘုရားဖူးတတ် သ လား”ဆိုတဲ့ မေးခွန်းအတွက်အဖြေထုတ်ပေးပါတယ်။
ဒေသခံ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှုတွေနဲ့ သတင်းတွေမှာဖော်ပြချက်တွေအရ လက်ရှိပြန်လွှတ် ပေးလိုက် ပြီဖြစ်တဲ့ လင်းပိုင်အုပ်ကတော့ ကမ်းခြေအနီးက ငါးဖမ်းပိုက်တွေထဲ မိနေခဲ့ရာက ကမ်းခြေ သောင်ပြင်ပေါ် ရောက်လာတာလို့သိရပါတယ်။
သူတို့ဘာကြောင့် ကမ်းခြေနားရောက်လာသလဲဆိုတဲ့မေးခွန်းကိုလည်း ဦးဖုန်းမော်က အခုလို ဆက်ရှင်း ပြပါ တယ်။
“လင်းပိုင်က မျှင်လေးတွေ၊ ငါးလေးတွေကို စားတဲ့သတ္တဝါဗျ၊ ရာသီက နွေဦးစ၊ အဲ့ကျတော့ မျှင်လေး တွေက ကမ်း ကို ကပ်တယ်၊ငါးလေးတွေက ကမ်းကိုကပ်တယ်၊ ကမ်းကို ကပ်တဲ့ခါကျတော့ အဲ့လင်းပိုင် က လိုက်စားတယ်၊ လိုက်စားတဲ့အခါကျတော့ ငါးလေးတွေကို ဖမ်းတဲ့ပိုက်မှာသွားမိတာ” လို့သူကပြောပြပါတယ်။
အထက်ကပြောခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာတော့ အမျိုးသားတချို့က လင်းပိုင်တွေကို အမြီးကနေ ကြိုးချည် ပြီးသောင် ပြင်ပေါ်မှာ ဆွဲသွားတာ၊ လူတွေဝိုင်းအုံစူးစမ်းနေကြတာကြောင့် ကမ်းခြေသောင်ပြင်ပေါ် နေပူပူထဲအချိန်ကြာ ကြာ ရှိနေရတာမျိုးတွေကိုတွေ့ရပါတယ်။
ဒီလိုအပြုအမူတွေကြောင့် လင်းပိုင်တွေအတွက် စိတ်ပိုင်းရော၊ရုပ်ပိုင်းပါ ထိခိုက်ဒဏ်ရာရမှုနဲ့ ဆိုးကျိုး တွေဖြစ် သွားစေနိုင်တယ်လို့ ပင်လယ်နေမျိုးစိတ်တွေကိုလေ့လာနေသူတွေနဲ့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
“ဒီလင်းပိုင်ဆိုရင် နေပူထဲမှာထားရင် အသားခြောက်သွားမယ်၊ သူ့ကိုရေလေးလောင်းပေးဖို့လိုတယ်၊ အပေါ်ကနေ လုံချည်နဲ့ဖြစ်ဖြစ်၊ မျက်နှာသုတ်ပုဝါဖြစ်ဖြစ် အဝတ်ဆိုလေးနဲ့ အုပ်ထားပေးဖို့လိုတယ်၊ပြီးရင်ဆွဲရင်လည်း စောင် လေးပေါ်မှာ မျက်နှာသုပ်ပုဝါပေါ်မှာ တင်ပြီးတော့မှ ဆွဲသွားတာပိုကောင်းတယ်၊ အမြီးကို ကြိုးတုတ်ပြီးဆွဲတယ် ဆိုတာ လူကို ခြေထောက်ကြိုးတုတ်ပြီး ကားပေါ်မှာ ဆွဲသွားသလိုပဲ ဖြစ်နေမှာပေါ့”လို့ Myanmar Ocean Project က တာဝန်ရှိသူတဦးဖြစ်တဲ့ မသန္တာကိုကြီးက နှိုင်းယှဉ်ပြပါတယ်။
အကျိုးဆက်အနေနဲ့ အဲ့ဒီလိုပြုမူခံရတဲ့ လင်းပိုင်ဟာ ထိခိုက်ဒဏ်ရာရသွားနိုင်ပြီး ပင်လယ်ပြင်အတွင်း ရှင်သန် ကျက်စားနေထိုင်တဲ့အခါ ပုံမှန်အတိုင်း မရှင်သန်နိုင်တော့တာ၊အစာရှာဖို့အခက်တွေ့လာနိုင်တာ၊တခြားသတ္တဝါ တွေရဲ့ရန်ကနေ ရှောင်တိမ်းဖို့ ခက်သွားတာမျိုးတွေဖြစ်လာနိုင်တယ်လို့လည်း သူကဆက်ရှင်းပြပါတယ်။
Myanmar Ocean Project ဟာ မြန်မာ့ပင်လယ်နေ မျိုးစိတ်တွေကို လေ့လာစောင့်ကြည့်တာ၊ ထိန်းသိမ်း ကာ ကွယ်တာနဲ့ အသိပညာပေးရေးလှုပ်ရှားမှုတွေလုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုပါ။
လင်းပိုင်တွေဟာ ငါးမျိုးစိတ်ထဲမှာ ဉာဏ်ကောင်းတဲ့မျိုးစိတ်တခုဖြစ်ပြီး လူသားကလေးငယ်နီးပါးလောက် အသိ ဉာဏ်ရှိတဲ့မျိုးစိတ်အဖြစ်သတ်မှတ်ခံထားရတယ်လို့ လင်းပိုင်မျိုးစိတ်တွေကို လေ့လာနေတဲ့ ဆရာမယဉ်ယဉ်က ပြောပြပါတယ်။
“သူတို့ဆီမှာလည်း ဆင်တွေလိုပဲ အဖေအမေမိဘနဲ့ ကလေးတွေလိုပဲ ဒီ လိုမျိုးတူတူနေတယ်၊ တယောက်နဲ့ တ ယောက် စကားပြောတတ်တယ်၊အဲ့လိုသတ္တဝါကို ပင်လယ်ပေါ်ကို ကမ်းခြေပေါ်ကိုဆွဲလာပြီးတော့ ဘုရားဖူးပါ တယ်ဆိုတော့ အကုသိုလ်လုပ်နေတယ်လို့ အမမြင်တယ်၊ ခံစားချက်ရှိတယ်၊ နာတာ၊ ပျော်တာ၊ စိတ်ဆင်းရဲတာ နားလည်တဲ့သတ္တဝါကို ဒီလိုမျိုးလုပ်တာ တော်တော်အကုသိုလ်ကြီးတယ်” လို့လည်းသူ့အမြင်ကို ဆက်ပြောပါ တယ်။
ဒါ့အပြင် အခုကမ်းစပ်သောင်ပြင်ပေါ်မှာတွေ့ခဲ့ရတဲ့ လင်းပိုင်အုပ်ဟာ သိပ္ပံအမည် Sousa chinensis လို့ပေး ထား ပြီး မျိုးသုန်းတော့မယ့်အရေး အနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့ အင်ဒိုပစိဖိတ် ကျောဘို့လင်းပိုင်မျိုး စိတ်တွေ ဖြစ်ပါတယ်။
ဒေသခံတွေကတော့ အဲ့ဒီလင်းပိုင် မျိုးစိတ်ရဲ့ သွင်ပြင်ကြောင့် ကျောဘို့ပါလင်းပိုင်လို့ ခေါ်ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းသိမ်းရေးအဖွဲ့ (IUCN) ကရေးသားထားတဲ့ သုတေသနစာတမ်းမှာလည်း ဒီမျိုးစိတ်တွေအကြောင်းကိုလေ့လာနိုင်ပါတယ်။
ဝေလငါးအပါအဝင် လင်းရှူး၊လင်းပိုင်စတဲ့မျိုးစိတ်တွေဟာ ဂေဟစနစ်အတွက်လည်း အရေး ပါတဲ့မျိုး စိတ်တွေ ဖြစ်တာကြောင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့ ဆရာမယဉ်ယဉ်ကရှင်း ပြပါတယ်။
“သူတို့က ပင်လယ်ပြင်အတွက် ညွှန်းကိန်းတစ်ခုဆိုရင်လည်းမမှားဘူး၊သူတို့တွေ မကျန်းမာဘူးဆိုရင် ပင်လယ်ပြင် မှာ တခုခုဖြစ်နေပြီဆိုတာ မှန်းဆနိုင်တယ်၊ပြီးတော့ သူတို့တွေက ရောဂါဖြစ် နေတဲ့ ငါးတွေစားသုံးပေးခြင်း အား ဖြင့် ငါးတွေမှာဖြစ်တဲ့ ရောဂါတွေကို ထိန်းချုပ် ပေးတာတွေ စတဲ့ ကောင်းကျိုးတွေကိုဖြစ် စေတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ငါး၊ပုဇွန်၊ ကင်းမွန် စတဲ့ သတ္တဝါတွေကို စားသုံးတတ်တာကြောင့်လည်း ပင်လယ်နေမျိုးစိတ်တွေကြား ကောင်ရေကို သမမျှတစေနိုင်သူ၊ဂေဟစနစ်ထိန်းညှိသူတွေအဖြစ်လည်း သဘာဝထဲမှာ သူတို့ကရပ်တည်နေ ကြ ပါတယ်။
“သူတို့မရှိရင် အစာကွင်းဆက်ပြတ် တောက်နိုင်တယ်”လို့ ဆရာမယဉ်ယဉ်ကမှတ်ချက်ပြုပါတယ်။
လင်းပိုင်၊လင်းရှူး၊ဝေလငါး စတဲ့မျိုးစိတ်တွေကို သတိပြုကာကွယ်သင့်တဲ့နောက်တချက်ကတော့ သူတို့ရဲ့ မျိုး သုဉ်းဖို့ အန္တရာယ်ရှိနေတဲ့တချိန်တည်းမှာ မျိုးပွားနှုန်းကလည်း နှေးကွေးတာကြောင့်ပါ။
ဒီမျိုးစိတ်တွေဟာ သားဆက်ခြားကာလရှည်ကြာသလို တကြိမ်မွေးရင် တကောင်သာမွေးတတ်တာမျိုးနဲ့ အရွယ် ရောက်ဖို့ အချိန်ကြာတဲ့မျိုးစိတ်တွေလို့ ဆရာမယဉ်ယဉ်က ရှင်းပြပါတယ်။
ဒီအချက်တွေကို လူအများသတိပြုဆင်ခြင်နိုင်ဖို့ အသိပညာပေးမှုတွေ လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုတယ်လို့ ရေနေမျိုးစိတ်ပညာရှင်တွေ၊လေ့လာသူတွေနဲ့ သဘာဝမျိုးစိတ်ချစ်မြတ်နိုးသူတွေက တညီတည်းပြော ကြပါတယ်။
ဆယ်စုနှစ်နဲ့ချီ ပညာရေးစနစ်အားနည်းခဲ့ပြီး ဒီလိုအခြေအနေတွေကို လေ့လာသိရှိသတိပြုမိနိုင်ဖို့ခက်ခဲခဲ့တဲ့ မြန်မာ့ လူမှုအသိုင်းအဝိုင်းကြားမှာတော့ ဘုရား၊စေတီရှိရာ ကမ်းစပ်တွေနား အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတာနဲ့ ရေ နေသတ္တဝါတွေကို “ဘုရာဖူး”တွေဆိုပြီး သမုတ်လိုက်တဲ့ အလေ့အထက ဆက်ရှိနေနိုင်ပါသေးတယ်။
လွန်ခဲ့တဲ့အရပ်သားအစိုးရကာလတွေအတွင်း သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝနယ်ပယ်ထဲက သက်ရှိမျိုးစိတ် တွေ ကို သဘာဝအတိုင်း ထိန်းသိမ်းကာကွယ်ဖို့ အသိပညာပေးမှုနဲ့ လှုပ်ရှားမှုတွေ အရှိန်ရစပြုခဲ့ပါတယ်။
မျက်မှောက်ကာလလို နိုင်ငံ အာဏာသိမ်းခံရမှုကြောင့် လူတွေကိုယ်တိုင် အတိဒုက္ခမျိုးစုံ၊အဆင်မပြေမှုမျိုးစုံနဲ့ ရှင် သန် ခရီးဆက်နေရချိန်တွေမှာတော့ အထက်ကအရေးအရာတွေဟာလည်း ခေတ်နောက်ပြန်ရောက်သွားပါပြီ။
လူမှုကွန်ရက်တွေနဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကနေ အသိပေးဖော်ပြရေးသားမှုတွေကို လေ့လာနိုင်တာက လွဲ လို့ လူထုအကြားမှာ လက်တွေ့ထိထိရောက်ရောက်အသိပညာပေးနိုင်ဖို့ဆိုတာ ခက်ခဲသွားတဲ့အခြေအနေပါ။
မော်တင်စွန်းကမ်းခြေမှာ လူအုပ်ကြားရောက်ပြီး စိတ်မသက်သာစရာအခြေအနေနဲ့ကြုံတွေ့ခဲ့ကြရတဲ့ စုစုပေါင်း ၁၅ကောင်ပါ လင်းပိုင်အုပ်ကတော့ သူတို့ကျင်လည်ရာ ပင်လယ်ပြင်ထဲ ပြန်သွားနိုင်ခဲ့ကြပါတယ်။
သူတို့လိုအိမ်ပြန်ခွင့်မရခဲ့တဲ့ သတ္တဝါတွေဘယ်လောက်များများ ရှိနေနိုင်သလဲဆိုတာကတော့ အတိအကျသိရဖို့ ခက်ပါလိမ့်မယ်။
လင်းပိုင်အုပ်ရဲ့အိမ်ပြန်ခရီးကို ဒေသခံတချို့က မော်တော်တစီးပေါ်ကနေ လိုက်ပါရိုက်ကူးမှတ်တမ်းတင်ထားးတဲ့ မြင်ကွင်းဟာ သူတို့ကမ်းခြေပေါ်မှာရှိနေချိန်တွေ့ရတဲ့ မြင်ကွင်းထက်တော့နှစ်လိုစရာကောင်းတာသေချာပါတယ်။
လင်းပိုင်တွေကို လေ့လာနေတဲ့ ဆရာမယဉ်ယဉ်ကတော့ ဒီဖြစ်စဉ်ကို အခြေခံလို့ သဘာဝမျိုးစိတ်တွေနဲ့ ပတ် သက်လို့ သူ့အမြင်ကို အခုလို သတင်းစကားပါးလိုက်ပါတယ်။
“သတ္တဝါတိုင်းမှာ အသက်ရှင်သန်ဖို့အခွင့်အရေးတွေရှိတာကြောင့် သဘာဝတရားမှာ သူတို့ဆက်လက်ရှိဖို့အတွက် ကာကွယ်ထိန်းသိမ်းဖို့ လူတွေမှာတာဝန်ရှိတယ်”