အမျိုးသမီးတွေပါ စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးဖို့ ဒိန်းမတ် စီစဉ်

မတ်၊ ၁၄

အရွယ်ရောက်ပြီး အမျိုးသမီးတွေ စစ်မှုမထမ်းမနေရ စနစ်ကို စတင် အသက်သွင်းမယ်လို့ ဒိန်းမတ် အစိုးရက ကြေညာခဲ့ပါတယ်။ 

ဒိန်းမတ်ဟာ အရင်ကတည်းက အမျိုးသားတွေကို ကာလအတိုင်းအတာ တခုထိ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်မျိုး ကျင့်သုံးနေပြီးသားပါ။ အခုအခါမှာတော့ အမျိုးသမီးတွေပါ စစ်မှုထမ်း ဘဝကို ဖြတ်သန်းရမယ့်အပြင် စစ်မှုထမ်း ကာလကိုလည်း မြှင့်တင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဒါ့အပြင် ဒိန်းမတ်ဟာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သတ်မှတ် စံနှုန်းတွေနဲ့ ညီညွတ်စေဖို့အတွက် လာမယ့် ၆ နှစ်တာအတွင်း ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၆ ဘီလီယံ နီးပါးထိ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။

စစ်လက်နက်တွေ တိုးမြှင့် တပ်ဆင်နေရတာဟာ ဒိန်းမတ်က စစ်ပွဲကို လိုလားနေတာကြောင့် မဟုတ်ဘဲ စစ်ပွဲကို ရှောင်ရှားချင်လို့သာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် မက်တာ ဖရက်ဒရစ်ဆန်က ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့ချိန် ကတည်းက ဥရောပမှာ တင်းမာမှုတွေ မြင့်တက်လာသလို NATO နိုင်ငံတွေကြား ကာကွယ်ရေး အစီအမံတွေကို ချဲ့ထွင်လာခဲ့ပါတယ်။

အမျိုးသမီးတွေကို ပထမဆုံးအကြိမ် စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က အစိုးရ အနေနဲ့ လိင်ကွဲပြားမှုတွေကြား ညီညွတ်မျှတစွာ ဆက်ဆံမှုကို ရည်ရွယ်ထားလို့လည်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ရေး ဝန်ကြီး ထရိုးလ်စ် လွန် ပေါလ်ဆန်က စစ်မှုမထမ်းမနေရ စနစ်နဲ့ ပတ်သက်လို့ ကျားမ တန်းတူရှိခွင့်၊ တပ်ဖွဲ့ဝင်တွေ အလျင်အမြန် ဆင့်ခေါ်နိုင်စွမ်းစတဲ့ အစီအမံတွေကို အဆင့်မြှင့်တင်သွားမယ်လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။

ဒိန်းမတ်မှာ အမျိုးသမီးတွေကို ဆန္ဒအလျောက် စစ်မှုထမ်းခွင့် ပေးထားပေမယ့် စစ်မှုမထမ်းမနေရ စနစ်နဲ့ ဆင့်ခေါ်တာမျိုးတော့ မရှိသေးပါဘူး။ အခု အစီအစဉ်သစ်ကိုတော့ ၂၀၂၆ ခုနှစ်မှာ စတင် ကျင့်သုံးမယ်လို့ ဆိုပါတယ်။ လောလောဆယ် ဥရောပတိုက်မှာ အမျိုးသမီးတွေပါ စစ်မှု မထမ်းမနေရ ဥပဒေနဲ့ အကျုံးဝင်တာဆိုလို့ နော်ဝေးနဲ့ ဆွီဒင် နိုင်ငံတွေပဲ ရှိပါသေးတယ်။

ဒါ့အပြင် မူလက ဒိန်းမတ်မှာ စစ်မှုမထမ်းမနေရ ကာလကို ၄ လသာ သတ်မှတ်ထားပေမယ့် ၂၀၂၆ ကစလို့ အမျိုးသားရော၊ အမျိုးသမီးတွေပါ ၁၁ လကြာ စစ်မှုထမ်းရမယ်လို့ သိရပါတယ်။

ဒိန်းမတ်မှာ လောလောဆယ် အမြဲတမ်း တပ်ဖွဲ့ဝင် ၂၀၀၀၀ ဝန်းကျင်လောက် ရှိနေပြီး အဲဒီထဲက ၉၀၀၀ လောက်က ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေး အင်အားတွေ ဖြစ်ပါတယ်။ လူဦးရေ ၆ သန်းနီးပါး နေထိုင်တဲ့ နိုင်ငံဟာ လောလောဆယ်မှာ နိုင်ငံရဲ့ GDP စုစုပေါင်းရဲ့ ၁.၄ ရာခိုင်နှုန်းကို ကာကွယ်ရေး ဘတ်ဂျတ်အတွက် သုံးစွဲနေပြီး NATOရဲ့ စံသတ်မှတ်ချက်အတိုင်း GDPရဲ့ ၂ ရာခိုင်နှုန်းထိ ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်ဖို့လည်း ပြင်ဆင်နေပါတယ်။

 

Ref: BBC