MNDAA ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ဂိတ်နှစ်ခုပြန်ဖွင့်ပေမယ့် ကုန်သွယ်ခွင့်မရသေး

မတ်၊ ၁၃

ရှမ်းမြောက်နယ်မြောက်ပိုင်းရှိ တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းတလျှောက် ပိတ်ထားတဲ့တ ရုတ်နယ် စပ်ဂိတ် တချို့ကို ညီနောင်သုံးဖွဲ့ဘက်က ပြန်လည်ဖွင့်လှစ်ပေးလိုက်ပေမယ့် လူအ၀င်အထွက် သာ ခွင့်ပြုထားပြီး ကုန်သွယ်ခွင့်တော့ မရသေးဘူးလို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ် MNDAA က သိမ်းပိုက်ကာ လက်ရှိအထိ ထိန်းချုပ် ထားတဲ့ ချင်းရွှေဟော်ဂိတ်နဲ့ အလားတူ ညီနောင်သုံးဖွဲ့တပ်တွေသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မူဆယ်မြို့နယ် ထဲက ကြူကုတ်(ပန်ဆိုင်း)မှာရှိတဲ့ ဝမ်တိန် နယ်စပ်ဂိတ်တွေကို အခုလ ၁၁ရက်မှာ ပြန်ဖွင့်လိုက်တာပါ။

အဲ့ဒီနယ်စပ်ဂိတ်တွေဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဝင်ထွက်ပေါက် တွေဖြစ်ပါတယ်။

လက်ရှိမှာအဲဒီနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုဖွင့်ပေးလိုက်ပေမယ့် အရင်လို ကုန်တင်ကားတွေ အ၀င် အထွက် လုပ်ခွင့်မရသေးဘဲ သက်တမ်းတနှစ်ရှိတဲ့ တရုတ်-မြန်မာ နယ်စပ်သွားလာခွင့်လက်မှတ်(စာ အုပ်အနီ) ရှိသူတွေကိုတော့ ၀င်ထွက်ခွင့်ပြုထားတယ်လို့ မူဆယ်မြို့ရှိ ကုန်သယ် တဦးကပြောပါတယ်။

“စာအုပ်အနီကိုလည်း အသစ်လုပ်ပေးတာမျိုးမဟုတ်သေးဘူး၊သက်တမ်းကျန်နေတဲ့သူတွေကိုပဲ အ၀င် အထွက်ခွင့်ပြုပေးထားသေးတယ်။ တနှစ်ကျော်လောက် သက်တမ်းကုန်တဲ့သူတွေကိုလည်း ခွင့်ပြု တယ်လို့တော့ကြားတယ်၊ကုန်ကားတွေကတော့ ၀င်လို့မရသေးပါဘူး ” လို့ သူကပြောပါတယ်။

ကိုးကန့်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာအပြည့်အ၀ရှိနေတဲ့ အဲဒီနယ်စပ်ဂိတ်တွေကို အရင်လို ကုန်သွယ်မှု အတွက်ပါ ပြန်ခွင့်ပြုပေးတော့မလားဆိုတာ တိတိကျကျ မသိရသေးပေမယ့် ဂိတ်ပြန်ဖွင့်တဲ့ နှစ်ရက် တာကာလအတွင်း ချင်းရွှေဟော်ဂိတ်မှာ ကြံကားတွေ အ၀င်အထွက် လုပ်တာမျိုးတော့ ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

နယ်စပ်ဂိတ်တွေနဲ့ ပက်သက်ပြီး ရှင်းရှင်းလင်းလင်းသိရဖို့အတွက် ကိုးကန့်တပ်ရဲ့ ပြောခွင့်ရသူကို DNA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမျိုးတော့မရှိပါဘူး။

RFA သတင်းဌာနရဲ့ မနေ့က သတင်းတရပ်မှာတော့ MNDAA ပြောခွင့်ရ လီကျာဝင်းက နယ်စပ်ဂိတ် တွေပြန်ဖွင့်တာကို  အတည်ပြုထားပြီး ကုန်ပစ္စည်းအဝင်အထွက်အခြေအနေတွေကိုတော့ တိတိကျ ကျမပြောနိုင်သေးဘူးလို့ ဆိုထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လောက်ကိုင်၊ချင်းရွှေဟော်၊ မူဆယ် ကျင်စန်းကျော့ဂိတ်နဲ့ ကြူကုတ်(ပန်ဆိုင်း) နယ်စပ်ဂိတ်တွေကို သိမ်းပိုက်ကာအပစ်ရပ်ပြီးနောက်လက်ရှိ အထိ ဆက်လက် ထိန်းချုပ်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုသုံးလကျော်ကြာ ပိတ်ထားရပြီးနောက် MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ဝမ်တိန်ဂိတ်နဲ့ ချင်းရွှေဟော်ဂိတ်တွေကိုတော့ အခုလအ တွင်းပြန်ဖွင့်လိုက်တာပါ။

တရုတ်-မြန်မာကုန်သွယ်ရေး လုပ်ကိုင်နေသူတွေကတော့ ရှမ်းမြောက်လမ်းကြောင်းကို ပြန်လည်ဖွင့် လှစ်ပေးဖို့ မျှော်လင့်နေကြတာတွေရှိပေမယ့် အရင်လို အဆင်ပြေနိုင်ဖို့တော့ အချိန်ယူရနိုင်သေး တယ်လို့အထက်ပါ မူဆယ်မြို့ခံ ကုန်သယ်ကပြောပါတယ်။

“ဘယ်လိုလုပ်ကြမလဲတော့မသိဘူး သတင်းတွေကတော့ ထွက်တော့ ထွက်နေတယ်၊တရုတ်ကလည်း ဖိအားပေးနေတာလည်းပါတယ်ပေါ့နော်။ ဒါပေမယ့် အရမ်းကြီးတော့လည်း မျှော်လင့်ထားလို့ တော့မရဘူး ” လို့ သူကပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုအရ နှစ်နိုင်ငံနယ်စပ်ဒေသတွေနဲ့ ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ တို့ အပစ်ရပ်ခဲ့ပြီးနောက် နှစ်ဖက် ဆက်လက်တွေ့ဆုံမှုတွေရှိနေပြီး ဖေဖော်ဝါရီ ၂၉ရက်ကနေ မတ်လ ၁ ရက်အထိ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ နယ်စပ်ဂိတ်တွေအရေးကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ AA တပ်ဖွဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကပြောထားပါတယ်။

ပြီးခဲ့တဲ့ ကာလတလျှောက် တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေး ပြည်ထောင်စု လမ်းမ ပေါ်ရှိ လမ်းပိုင်းနေရာတချို့နဲ့ တံတားတချို့ပျက်စီးသွားတာရှိတဲ့အတွက် နယ်စပ်ဂိတ်တွေ ပြန်ဖွင့် မယ် ဆိုရင်လည်း ကုန်စည်ကူးသန်းမှုတွေအတွက်အခက်အခဲတွေရှိနိုင်တယ်လို့ မူဆယ်ကတဆင့် တရုတ်နိုင်ငံဘက် သီးနှံတွေတင်ပို့နေသူ တဦးကသုံးသပ်ပါတယ်။

“ချင်းရွှေဟော်ကလည်း MNDAA က ထိန်းချူပ်ထားတယ်၊လွယ်တော့ မလွယ်သေးပါဘူး လမ်းကြော အခြေအနေနဲ့ လုံခြုံရေးအရပေါ့နော်၊ ညှိနှိုင်းလို့ ပြီးသွားရင်တောင် တကယ်လမ်းကြောမှာ ကြုံတွေ့ရ မယ့် အခက်အခဲတွေ လမ်းကြောင်းအခက်အခဲတွေတော့ တော်တော်တော့ ခက်ခဲနေဦးမယ် “ လို့ သူက ပြောပါတယ်။

ကုန်သွယ်ရေး လမ်းပိုင်းပျက်စီးနေတဲ့အတွက် အခုချိန်သွားလာမယ်ဆိုရင် ကားတွေပျက်စီးတာ ၊ခရီး လမ်းအချိန်ပုံမှန်ထက် ပိုကြာတာတွေဖြစ်နိုင်ပြီး ပုပ်သိုးလွယ်တဲ့သီးနှံတွေ တင်ပို့ဖို့ အခက်အခဲတွေဖြစ်နိုင်တယ်လို့သူက ဆိုပါတယ်။

တဖက်မှာလည်း ပြည်တွင်းမှာ စစ်ကောင်စီရဲ့ ပြည်သူစစ်မှုထမ်းဥပဒေပြဌာန်းလိုက်တာအပြင် အ လုပ်အကိုင်ရှားပါးမှုကြောင့် ခုနစ်ရက်သာသက်တမ်းရှိတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP ကတ်) နဲ့ တရုတ်ဘက်ခြမ်း ကို အလုပ်လုပ်ဖို့ ကြိုးစားနေသူတွေလည်းရှိတယ်လို့ မူဆယ်ဒေသခံ တဦး ကပြောပါတယ်။

“ နေ့တိုင်းတော့ လုပ်ပေးနေတယ် ကတ်လုပ်ဖို့ လာလျှောက်ရင် ရက်ချိန်းပေးလိုက်တယ်၊ အဲနေ့ကျတခါတည်းလုပ်ပြီး ဝင်ပေါ့” လို့သူကပြောပါတယ်။

TBP ကတ်နဲ့ တရုတ်နိုင်ငံဘက်ခြမ်းကို ဝင်နိုင်ပြီး အလုပ်ရ မရဆိုတာတော့ မသေချာပေမယ့် အဲဒီကတ် ရဖို့မူဆယ်မှာ ကြိုးပမ်းနေတဲ့သူတွေအများအပြားရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးအတွက် မိုင်းလားဘက်ကနေသွားရတဲ့ ဝမ်ပုံဂိတ်က တဆင့် အဝင်အထွက်တွေလုပ်နေတာရှိသလို မြစ်ကြီးနား- ကန်ပိုက်တီလမ်းကြောင်းက တဆင့်လည်း ကုန်သွယ်မှုတွေလုပ်နေတာရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကို မြန်မာဘက်က လက်တလော တိုက်ပွဲတွေကြောင့် လယ်ယာထွက်ကုန်သီးနှံတချို့နဲ့ ရေထွက်ကုန်အနည်းငယ်ကိုသာ တင်ပို့နိုင်ပေမယ့် တရုတ်ဘက်ကတော့ လူသုံးကုန်ပစ္စည်းတွေ လျှပ်စစ်ပစ္စည်းတွေနဲ့ ဆေးဝါးတွေ တင်သွင်းတာတွေရှိတယ်လို့ ကုန်သည်တွေကပြောကြပါတယ်။

ပုံစာ -MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းတွေ့ရစဉ်