တနင်္သာရီတိုင်းမှာ နှစ်လကျော်အတွင်း မိုင်းကြောင့် ထိခိုက်သေဆုံးသူ ဆယ်ဦးထက်မနည်းရှိ

မတ်၊ ၁၃
 
တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာတွေမှာ နှစ်လအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးထိခိုက်ဒဏ်ရာရသူ ဆယ်ဦးထက်မနည်း ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောချက်အရ သိရပါတယ်။
 
Delta News Agency က ရရှိထားတဲ့ အချက်အလက်တွေအရ အခုနှစ် နှစ်လကျော်လောက်အတွင်း တနင်္သာရီတိုင်းထဲက ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ ဒေသခံတွေ မိုင်းနင်းမိတဲ့ဖြစ်စဥ် ဆယ်ခုထက်မနည်း ရှိခဲ့တာပါ။
 
အဲဒီလို မိုင်းနင်းမိတဲ့အထဲ အမျိုးသားနှစ်ဦး သေဆုံးခဲ့သလို ငါးဦးက ခြေထောက်တဖက်စီ ဖြတ်ခဲ့ရပြီး ကျန်တဲ့ သုံးဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့ကြပါတယ်။
 
“စစ်တပ်နဲ့ နီးတဲ့နေရာတွေမှာပဲ နင်းမိတာ၊ ဥယျာဥ်ခြံတွေထဲ သွားရင်းလာရင်းနဲ့ နင်းမိတာမျိုးတွေ ပိုများတယ်” လို့ ထားဝယ်ဒေသခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
အရင်နှစ်တွေတုန်းကလည်း မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ဖူးပေမယ့် အခုနှစ် ၂၀၂၄ အတွင်းမှာတော့ အဲလို မိုင်းနင်းမိတာတွေ အဖြစ်များလာပြီး ခပ်စိပ်စိပ်ရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက် တရက်တည်းမှာပဲ ငါးရှာသွားတဲ့ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာခံ အမျိုးသားတဦးနဲ့ ဥယျာဥ်ခြံထဲသွားတဲ့ ထားဝယ်မြို့နယ်၊ ဇဟာရွာခံ အမျိုးသမီးတဦး မိုင်းနင်းမိလို့ နှစ်ယောက်စလုံး ခြေထောက်တဖက်စီ ဖြတ်လိုက်ရပါတယ်။
 
တနင်္သာရီမြို့နယ်ထဲမှာတော့ ဇန်နဝါရီ ၉ ရက်က စစ်ကောင်စီခြေမြန်တပ်ရင်း (၅၆၁) အနီး ညောင်ပင်ကွင်းရွာခံ အမျိုးသမီး နှစ်ဦး မိုင်းနင်းမိလို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
 
ဒါ့အပြင် ဖေဖော်ဝါရီ ၁၁ ရက်မှာလည်း တနင်္သာရီ၊ အရှေ့မော်တုန်းရွာခံ အမျိုးသားတဦး စစ်ကောင်စီအမြောက်တပ်ရင်း (၃၀၆) အနီး မိုင်းနင်းမိပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့ပါတယ်။
 
“အခုထောင်ထားတာက သူတို့(စစ်တပ်)တပ်ရင်းတွေနဲ့ နီးတဲ့နေရာတွေ၊ PDF တွေ လာနိုင်တဲ့ လမ်းကြောင်းတွေမှာ များတယ်၊ ပြည်သူတွေက မိုင်းထောင်ထားမှန်းလည်း ဘယ်သိမလဲ၊ သွားရင်းလာရင်း ထိကြတာ” လို့ တနင်္သာရီမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
 
ထားဝယ်မြို့နယ်ထဲမှာတော့ မိုင်းနင်းမိသူ သုံးဦးစလုံးဟာ ထားဝယ်မြို့နဲ့ တမိုင်ကျော်သာဝေးတဲ့ အမှတ် (၃၀၂) စစ်ကောင်စီ အမြှောက်တပ်ရင်းအခြေစိုက်ရာ ဇဟာရွာက ရွာခံတွေ ဖြစ်ကြပါတယ်။
 
သုံးဦးစလုံးဟာ အဲဒီအမြောက်တပ်ရင်းအနီးက ဥယာဥ်ခြံထဲကို အလုပ်လုပ်ဖို့သွားရင်း နင်းမိခဲ့ကြတာဖြစ်ပြီး အဲထဲက အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံးကာ နောက်ထပ် အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦးကတော့ ခြေထောက်တဖက်စီ ဖြတ်လိုက်ရပါတယ်။
 
“အလုပ်လုပ်ဖို့ကို ဥယျာဥ်ခြံတွေထဲလည်း ဘယ်သွားလို့ရဲတော့မလဲ၊ ခြံတွေလည်း ပစ်ထားရမယ့်ကိန်းဖြစ်နေပြီ” လို့ ထားဝယ်ဒေသခံ အမျိုးသမီးက ပြောပါတယ်။
 
သရက်ချောင်းမြို့နယ်ထဲမှာတော့ အခုနှစ်အတွင်း မိုင်းနင်းမိမှုဖြစ်စဥ် လေးခုရှိခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ် တဦး၊ အမျိုးသား တဦးနဲ့ အမျိုးသမီး တဦး ခြေထောက်တဖက်စီ ဖြတ်ခဲ့ရပြီး သံဃာတပါးကတော့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
 
အဲထဲက အမျိုးသားတဦးနဲ့ သံဃာတပါးက သရက်နှစ်ခွကျေးရွာ အနီးရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး နင်းမိခဲ့ကြတာဖြစ်ပြီး ကျန်တဲ့နှစ်ဦးကတော့ ဥယျာဥ်ခြံတွေထဲ နင်းမိခဲ့ကြတာပါ။
 
ဒေသခံတွေကတော့ အခုလို မိုင်းနင်းမိတာတွေဟာ စစ်ကောင်စီတပ်ရင်းတွေ၊ စစ်ဆေးရေးဂိတ်အနီးမှာပဲ ဖြစ်နေတာကြောင့် စစ်ကောင်စီတပ်တွေဘက်က ထောင်ထားတဲ့ မိုင်းတွေဖြစ်တယ်လို့ ယူဆကြပါတယ်။
 
အလားတူပဲ ဒေသအတွင်းရှိတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အဲဒီလိုမြေမြှုပ်မိုင်းတွေ ထောင်တာမရှိဘဲ စစ်ကောင်စီစစ်ကြောင်းတွေကို ရှေ့ထွက်မိုင်းတွေ၊ တိုက်မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေသာ လုပ်ခဲ့ဖူးတယ်လို့ ပြောဆိုထားကြပါတယ်။
 
ယူနီဆက်(မြန်မာ) က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရတော့ မြန်မာနိုင်ငံတဝှမ်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ပထမကိုးလအတွင်း မြေမြှုပ်မိုင်းကြောင့် အသက်သေဆုံးခဲ့သူ ၁၅၃ ဦး ရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ ၇၀၅ ဦးရှိတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – တနင်္သာရီမြို့နယ်အခြေစိုက် ခမရ (၅၆၁) တပ်ရင်းအနီးမှာ မိုင်းနင်းမိလို့ ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးတဦးကို အခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရစဥ်