မြင်းခြံမှာ စစ်သားခြောက်ဦး ပစ်သတ်ခံရပြီးနောက် ကျေးရွာတွေ မီးရှို့ခံနေရ၊ အရပ်သား ခြောက်ဦးကို သတ်ဖြတ်

မေ၊ ၁၃
 
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်ခံရလို့ စစ်သားခြောက်ဦး သေဆုံးသွားပြီးနောက် စစ်တပ်က အဲဒီအနီးတဝိုက် ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးကာ အရပ်သား ခြောက်ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ နှစ်ရက်အကြာ မတ် ၁၁ ရက်မနက်ပိုင်းက မြင်းခြံမြို့အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦး တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့နောက် အဲဒီနေ့ညကစလို့ ဒီကနေ့အထိ စစ်တပ်က မြင်းခြံမြို့ပေါ်ကတဆင့် အင်အားတရာလောက်နဲ့ မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ မန်ကျည်းစု၊ သင်ပြွန်း၊ ဆိတ်ကုန်း၊ ပျိုးကန် စတဲ့ရွာလေးရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
“ပထမဆုံးစရှို့တဲ့ရွာက မန်ကျည်းစုဆိုတဲ့ ရွာကို စရှို့တယ်။ အိမ်ခြေ ၅၀ လောက်ပါသွားတယ်၊ သင်ပြွန်းရယ် ဆိတ်ကုန်း ကိုကျတော့ တရက်တည်းရှို့တယ်၊ မနက်ပိုင်းကို သင်ပြွန်းရှို့ပြီး၊ ညနေပိုင်းမှာ ဆိတ်ကုန်းရှို့တယ်၊ အိမ်ခြေ အရေအတွက်တော့ မသိရသေးဘူး စစ်ကြောင်းက အခုအဲဒီဘက်ရှိနေသေးတယ်” လို့ သူကပြောပါတယ်။
 
ဒီကနေ့ မနက်ပိုင်းမှာလည်း စစ်တပ်က ပျိုးကန်ကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး လက်ရှိအချိန်အထိ မီးမငြိမ်းသတ်နိုင်သေးသလို အမြင်အာရုံမကောင်းတဲ့ အသက် ငါးဆယ်ကျော်အရွယ် အဘွားဒေါ်သောင်းရွှေ ဆိုသူ မီးထဲပါသွားခဲ့ပြီး အရပ်သား သုံးဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
 
ဒ့ါအပြင် မနေ့ကလည်း သင်းပြွန်ရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သေးပေမယ့် ဘယ်သူဘယ်ဝါတွေဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
 
အခုစစ်တပ်က မီးရှို့ဖျက်ဆီးနေတဲ့ ကျေးရွာတွေဟာ မြင်းခြံမြို့တွင်းနဲ့ ဆယ်မိုင်လောက်အကွာ မြင်းခြံ-တံတားဦး ကားလမ်းပိုင်းရဲ့ မြောက်ဘက်မှာရှိပြီး တရွာကို အိမ်ခြေအနည်းဆုံး ၂၅၀ ကနေ ငါးရာလောက်အထိရှိတဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီက ဒီကနေ့အထိ စစ်ကြောင်းဆက်ထိုးနေတာကြောင့် အဲဒီအနီးနားရှိ ကျေးရွာဆယ်ရွာလောက်က ဒေသခံ ထောင်နဲ့ချီ နီးစပ်ရာ ကျေးရွာတွေအပြင် ဘုန်းကြီးကျောင်းတွေဖြစ်တဲ့ ဂွေချို၊ ယုန်တိုး၊ တောင်ပေါ် စတဲ့တောရ ကျောင်းတွေမှာ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
 
“ဒီဘက်ကျတော့ စိုက်ပျိုးရေးက တွင်တွင်ကျယ်ကျယ်လုပ်တယ်၊ ပဲမျိုးစုံစိုက်တယ်၊ ဆေးဝါးရွက်ကြီးစိုက်တယ်၊ ကြက်သွန် အနီတအားစိုက်တာပေါ့၊ စိုက်ခင်းတွေက ဖော်ခါနီးပြီလေ၊ ကြက်သွန်ဖော်ခါနီးကို ဒီအတိုင်းထားခဲ့ပြီး အသက်လုပြေးရတာ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေ မောင်းနှင်လိုက်ပါပြီး မြင်းခြံမြို့ထဲကထွက်လာတဲ့ Toyota Kluger ကားကို တော်လှန်ရေးတပ် တွေက ဒီလ ၁၁ ရက် မနက်ပိုင်းမှာ ဝိုင်း၀န်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ခြောက်ဦး နေရာမှာတင်သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
 
ဒီတိုက်ခိုက်မှုကို အမှတ်(၅၁၈) PLA တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ (PLA)၊ မြင်းခြံ(၃၅) တပ်ဖွဲ့၊ BGF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ PLA ကထုတ်ပြန်ထားပါတယ်။
 
အဲဒီနောက် ညတွင်းချင်းဆိုသလိုပဲ စစ်တပ်က ပျူစောထီးအဖွဲ့တွေနဲ့ ပေါင်းပြီး ကျေးရွာတွေကို စီးနင်းမီးရှို့လာတာလို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက ပြောပါတယ်။
 
“နာမည်ကြီး ပျူစောထီးအဖွဲ့တွေဖြစ်တဲ့ သီတာယုမွန်နဲ့ ငပေါက်တို့အဖွဲ့တွေ ပါတယ်လို့ သိထားရတယ်၊ စစ်တပ်ကလူတွေ နည်းတယ်၊ ပျူတွေက များနေတာပါ၊ ဆက်တိုက်ကိုပဲ ရွာတွေကို မီးရှို့နေတယ်” လို့ သူကပြောပါတယ်။
မြင်းခြံမြို့နယ် လူထုလှုပ်ရှားမှုကော်မတီကတော့ အဲဒီပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီက အခင်းဖြစ် နေရာဝန်းကျင်အနီးတဝိုက်မှာရှိနေတဲ့ ကားသမား အနည်းဆုံး ခြောက်ဦးလောက်ကို ဖမ်းဆီးပြီး စစ်တပ်ထဲမှာ စစ်ကြောရေး လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – Google