မောင်တောက နယ်ခြားစောင့်စခန်းကို လက်လွှတ်ခဲ့ရတဲ့ စစ်အုပ်စုက စားစရာနဲ့ ရေတွေထဲ အဆိပ်ခတ်ခဲ့တယ်လို့ဆို

မတ်၊ ၁၃
 
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ အောင်သပြေနယ်ခြားစောင့်စခန်းကို သိမ်းပိုက်ပြီးနောက် အဲဒီစခန်းရှိ စားစရာတွေနဲ့ သောက်သုံးရေတွေထဲ အဆိပ်တွေ ထည့်ထားခဲ့တာ တွေ့ရတယ်လို့ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ပါတယ်။
 
“အဆိပ်တွေ ထားခဲ့တယ်ဆိုတာက ဒါ ပထမဆုံး ကြားဖူးတာ၊ မိုင်းတွေ ပြည့်နေအောင် ထောင်ခဲ့တာတွေတော့ ရှိတယ်” လို့ AA နဲ့နီးစပ်တဲ့ မောင်တောဒေသခံတဦးက DNA ကို ပြောပါတယ်။
 
AA ဟာ နယ်စပ်ရှိ အမှတ်(၁)နယ်ခြားစောင့်တပ်ဖွဲ့ အောင်သပြေစခန်းကို မတ်လ ၁၁ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီစခန်းက နယ်ခြားစောင့်တပ်ဖွဲ့ဝင် နှစ်ရာနီးပါး ဘင်္ဂလားဒေရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာကြတာကို အတည်ပြု ဖော်ပြထားပါတယ်။
 
စခန်းသိမ်းပြီးတဲ့နောက် ရေအနည်းငယ်သောက်မိတဲ့ တပ်ဖွဲ့ဝင်တဦး မူးဝေခဲ့ရာက စစ်ဆေးကြည့်တာကြောင့် အစားအစာနဲ့ ရေတွေထဲ အဆိပ်ခတ်ခဲ့တာကို တွေ့ရှိတာလို့ အထက်ပါမောင်တောဒေသခံက တဆင့်ကြားရတဲ့သတင်းစကားကို ပြောပြပါတယ်။
 
အဲဒီအချက်နဲ့ပတ်သက်လို့တော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို ရခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း အဆိပ်တွေချန်ထားခဲ့တဲ့ အခြေအနေကို ဘယ်လိုသတိပြုမိခဲ့တယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။
 
AA ရဲ့ထုတ်ပြန်ချက်မှာတော့ စခန်းသိမ်းပြီးနောက် စစ်ဆေးချက်တွေအရ စခန်းအတွင်း ကျန်ခဲ့တဲ့ စားနပ်ရိက္ခာတွေမှာ သေစေတတ်တဲ့ အဆိပ်တွေ သုတ်လူးထားတာ၊ ရေဗူးတွေထဲ ထည့်ထားတာ၊ စခန်းတွင်းနေရာတွေမှာ အဆိပ်ဆေးဖြန်းထားတာတွေ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
 
ဒါ့ကြောင့် တခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ သိမ်းဆည်းရမိတဲ့ စားနပ်ရိက္ခာတွေကို သတိထားကြဖို့ AA က သတိပေးထားပါတယ်။
 
“ယုတ်ယုတ်ကန်းကန်းလုပ်တာ၊ စစ်ကို စစ်နဲ့တူအောင် မတိုက်ဘူး” လို့ အထက်ပါ မောင်တောဒေသခံ သတင်းရင်းမြစ်က ဝေဖန်ပါတယ်။
 
ရခိုင်ပြည်တွင်း မြို့နဲ့ တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ အရင်ကလည်း စွန့်ခွာထွက်ပြေးသွားတဲ့ စခန်းတွေမှာ မိုင်းတွေ အမြောက်အများ ထောင်ထားခဲ့တာတွေ ရှိခဲ့တယ်လို့ စစ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ခုနစ်ခုကို သိမ်းပိုက်ထားတဲ့ AA ဟာ မောင်တောမြို့နယ်အတွင်းက အင်အားရာ ဂဏန်းရှိတဲ့ နယ်ခြားစောင့်စခန်းကြီးတွေအပါအ၀င် စခန်းဆယ်ချီကို သိမ်းပိုက်ရရှိထားပြီး ထိုးစစ်တွေ ဆက်တိုက်လုပ်နေတာပါ။
 
တချိန်တည်းမှာပဲ မောင်တောမြို့နယ်အပြင် ရသေ့တောင်မြို့ပေါ်ရှိ နောက်ဆုံးလက်ကျန်တပ်ရင်းသုံးခုနဲ့ ဘူးသီးတောင် မြို့နယ်အတွင်းရှိ တပ်စခန်းတွေကိုလည်း AA က တိုက်ခိုက်နေပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည်နယ်တခုလုံးမှာရှိတဲ့ စစ်ကောင်စီစခန်းအားလုံးကိုလည်း တခုမကျန်အောင် တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စောစောစီးစီး လက်နက်ချ အညံ့ခံကြဖို့ AA က သတိပေးထားပါတယ်။
 
ဓာတ်ပုံ – AA Info Desk
ပုံစာ – အောင်သပြေ နယ်ခြားစောင့်စခန်းက ရခဲ့တဲ့ လက်နက်ခဲယမ်းများ