မတ်၊ ၁၃
ပြည်တွင်းမှာ လက်နက်ကိုင် ဂိုဏ်းတွေကြောင့် ရှုပ်ထွေးမှုတွေ အရမ်းဆိုးရွားလာတဲ့နောက် ဟေတီ ဝန်ကြီးချုပ်က ရာထူးကနေ တာဝန်ယူ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
ကာရေဘီယန် ပင်လယ်ထဲက ကျွန်းနိုင်ငံငယ်လေးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် ဂိုဏ်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေကြားမှာ အကြီးအကျယ် ရုန်းကန်ခဲ့ရပါတယ်။
အဲဒီဂိုဏ်းတွေဟာ ဟေတီ ဝန်ကြီးချုပ် အေရီရယ်လ် ဟင်နရီ ဦးဆောင်နေတဲ့ အစိုးရကို ဖြုတ်ချပစ်မယ်လို့ ကြွေးကြော်ထားသလို မြို့တော် ပို့တ်အူပရင့်စ်ရဲ့ အစိတ်အပိုင်း အများစုကိုပါ ထိန်းချုပ်ထားလိုက်ပါတယ်။ အခြေအနေ အရပ်ရပ်က ဟေတီမှာ အစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ ငြိမ်ဝပ်ပိပြားမှု အခြေအနေတွေက လုံးဝ ပျက်သုဉ်းနေပြီလို့ ညွှန်ပြနေပါတယ်။
အစောပိုင်းတုန်းက ဟေတီ ဝန်ကြီးချုပ် ဟင်နရီဟာ ကင်ညာနိုင်ငံကို သွားရောက်ပြီး ကင်ညာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဦးဆောင်တဲ့ နိုင်ငံတကာ လုံခြုံရေး မစ်ရှင်တခု ဟေတီကို စေလွှတ်နိုင်ရေး ကိစ္စကို ဆွေးနွေးခဲ့ပါသေးတယ်။
မတ်လ ၁၂ ရက်နေ့မှာတော့ ဟင်နရီက သူဟာ လက်ရှိ အကျပ်အတည်းတွေကို တာဝန်ယူပြီး ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့သလို ကင်ညာကလည်း လုံခြုံရေးမစ်ရှင် ကိစ္စကို ဆိုင်းငံ့ထားလိုက်ပါတယ်။
ဟေတီဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေကို လိုအပ်ကြောင်း၊ သူဟာ ကြားကာလ အုပ်ချုပ်ရေးကောင်စီ တခုကို ဖွဲ့စည်းစေမှာဖြစ်ပြီး အဲဒီကောင်စီက တာဝန်ယူ အုပ်ချုပ်ပြီ ဆိုတာနဲ့ အစိုးရ တရပ်လုံး နုတ်ထွက်မယ်လို့ ကြေညာခဲ့တာပါ။ သူ့ရဲ့ အကြံပေး အရာရှိ ဂျင်းဂျူနီယာ ဂျိုးဆက်ကလည်း ဟင်နရီဟာ ကြားကာလ အစိုးရသစ်တခု ဖွဲ့စည်းပြီးချိန် အထိသာ ဝန်ကြီးချုပ် အနေနဲ့ ဆက်လက် တာဝန်ယူမယ်လို့ အတည်ပြုခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ ဟေတီ သမ္မတ လုပ်ကြံခံရတဲ့ ဖြစ်စဉ် အပြီးကတည်းက ဝန်ကြီးချုပ် ဟင်နရီဟာ ဟေတီ အစိုးရ အဖွဲ့ကို ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ သူဟာ မနှစ်တုန်းက ဟေတီမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ကတိကို ပျက်ကွက်ခဲ့ခြင်းက အခြေအနေတွေကို ရှုပ်ထွေးစေခဲ့သလို အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် ဂိုဏ်းဂဏတွေရဲ့ လှုပ်ရှားမှုတွေကိုပါ အရှိန်မြင့်လာစေခဲ့ပါတယ်။
အမေရိကန် အစိုးရဟာ ဟေတီမှာ နိုင်ငံရေးအရ ညှိနှိုင်းပြေလည်မှုတွေ ရရှိစေဖို့ ဟင်နရီကို အပူတပြင်း ဖိအားပေးနေခဲ့ပါတယ်။ ဟင်နရီ နုတ်ထွက်ပြီးနောက်ပိုင်း တာဝန်ယူမယ့် ကြားကာလ အစိုးရကို ဘယ်သူ တာဝန်ယူမလဲ ဆိုတာကလည်း လောလောဆယ် မကွဲပြားသေးဘူးလို့ သိရပါတယ်။
Ref: AFP