မြင်းခြံမှာ စစ်အုပ်စုလိုက်ပါလာတဲ့ အိမ်စီးကား တိုက်ခိုက်ခံရလို့ ခြောက်ဦးသေဆုံး၊ လက်နက်ခဲယမ်းတွေလည်းရ

မတ်၊ ၁၂
 
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကားကို မနေ့က မတ်လ ၁၁ ရက်မနက် ၁၁ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်တွေက ဝိုင်း၀န်းပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ခြောက်ဦး နေရာမှာတင် သေဆုံးသွားပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
 
မြင်းခြံမြို့ အနောက်ဖက် မြင်းခြံ-တံတားဦး သွားကားလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေ မောင်းနင်းလာတဲ့ Toyota Kluger ကားကို သတင်းအရ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြိုတင်စောင့်ဆိုင်းပြီး လက်ဦးမှုယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အဲဒီပစ်ခတ်မှုမှာ ပါ၀င်ခဲ့တဲ့ ပြည်သူလွတ်မြောက်ရေးတပ်မတော် (PLA) အဖွဲ့ တာ၀န်ရှိသူတဦးက DNA ကို အတည်ပြုပြောပါတယ်။
 
“ကြိုတင်စောင့်ဆိုင်းပြီး အငိုက်ဖမ်းဝိုင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ခြောက်ယောက်ပါပြီး အားလုံးသေပါတယ်၊ ကျတဲ့ထဲမှာ ပျူလို့ ယူဆရသူတဦးနဲ့ ဗိုလ်လို့ယူဆရသူ တဦးပါတယ်၊ ပျူလို့ယူဆရတဲ့ သူကလွဲရင် အားလုံး စစ်တပ်ကပါဗျ၊ ဘယ်တပ်ကလဲဆိုတာတော့ မသိရဘူး” လို့ သူကပြောပါတယ်။
 
မြင်းခြံမြို့က ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို မြို့အထွက်မှာ အမှတ် (၅၁၈) PLA တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ (PLA) စုပေါင်းအင်အားနဲ့ မြင်းခြံ (၃၅) တပ်ဖွဲ့၊ BGF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့လို့ ကားပေါ်ပါတဲ့ စစ်ကောင်စီတပ်သားတွေကို သုတ်သင်နိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီတပ်သား ခြောက်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ နေရာမှာ တင်ထားခဲ့ပြီး စီးနင်းလာတဲ့ ကားကိုလည်း သေနတ်နဲ့ ဝိုင်း၀န်ပစ်ခတ်ထားတဲ့အတွက် မယူနိုင်တော့ဘဲ ထားခဲ့ရတယ်လို့ အထက်ပါ PLA အဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
 
“ဒီဘက်က အထိအခိုက်မရှိပါဘူးဗျ၊ တဘက်က အငိုက်မိပြီး ရှင်းလင်းခံလိုက်ရတာပါ၊ ပြန်ခုခံချိန်တောင် မရလိုက်ပါဘူး” လို့ သူကဆိုပါတယ်။
 
အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သားတွေ ကိုင်ဆောင်တဲ့ MA အမျိုးအစား သေနတ် ငါးလက်၊ G-3 အမျိုးအစား သေနတ် တလက်နဲ့အတူ ကျည်ဘောက်၊ ကျည်ဆံအမျိုးအစားစုံ နှစ်ရာကျော်၊ စကားပြောစက် တလုံးအပြင် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
 
ဒါပေမယ့် အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးဘဲ နှုတ်ဆိတ်နေပါတယ်။
 
စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အဲဒီနေရာ အနီးတဝိုက်ကို စစ်အုပ်စုက မြင်းခြံမြို့ပေါ်ကတဆင့် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတဲ့အတွက် စစ်ရှောင်ရတဲ့ ပြည်သူတွေလည်း ရှိနေတယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တဦးက ပြောပါတယ်။
 
“မကျီးစုရွာဘက်ကို သူတို့ အင်အားအလုံးအရင်းနဲ့ ၀င်လာတဲ့အတွက် ထိတွေ့တိုက်ပွဲလေးတော့ မနေ့ညပိုင်းက ဖြစ်လိုက်သေးတယ်၊ ရွာကိုလည်း သူတို့မီးရှို့သွားတယ်၊ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူး” လို့ သူကဆိုပါတယ်။
 
ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မြင်းခြံမြို့အ၀င်အထွက် နေရာအားလုံးနီးပါးမှာ လုံခြုံရေး တိုးမြှင့်ချထားပြီး စစ်ဆေးတာတွေ လုပ်နေပေမယ့် ပုံမှန်သွားလာနေကြသူတွေ ရှိတယ်လို့ မြင်းခြံမြို့ခံတွေက ဆိုကြပါတယ်။
 
လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့နဲ့ ဧရာ၀တီမြစ်သာခြားတဲ့ မန္တလေးတိုင်းထဲက မြင်းခြံမြို့အနီးတဝိုက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေ အားကောင်းသလို မကြာခဏဆိုသလို အခုလို ပျောက်ကြားစနစ်နဲ့ စစ်အုပ်စုကို တိုက်ခိုက်မှုတွေ လုပ်နေတာပါ။
 
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်သွားကားလမ်းမပိုင်းတွေမှာ တော်လှန်ရေးတပ်တွေက ရှောင်တခင်စစ်ဆေးမှုတွေကို ပြုလုပ်တတ်ပြီး အရပ်၀တ်အိမ်စီးကားတွေနဲ့ သွားလာတတ်တဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်လေ့ရှိပါတယ်။
 
မြင်းခြံခရိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်း ရှစ်ခုထက်မနည်းရှိပြီး သက်ဆိုင်ရာ နယ်မြေတွေအလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း အများအပြားရှိတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
 
ဒီလအစောပိုင်း (မတ်လ ၂ ရက်) တုန်းကလည်း မြင်းခြံ-တောင်သာ သွားကားလမ်းမပိုင်း တနေရာမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ အရပ်၀တ်နဲ့ မောင်းနင်းလာတဲ့ အိမ်စီးကားအဖြူရောင်ကို တော်လှန်ရေးတပ်တွေက ဝိုင်း၀န်းပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်ပါ ရဲတပ်ဖွဲ့၀င် သုံးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – PLA