မတ်၊ ၁၂
စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့၊ ငွေလဲနှုန်း ကွာဟချက်တွေအပါအဝင် တခြားအသုံးစရိတ်တချို့ကြောင့် အခုနှစ် ပြည်ထောင်စုအသုံးစရိတ်မှာ လိုငွေအနည်းငယ်ထပ်တိုးသွားတယ်လို့ စစ်ကောင်စီရဲ့ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး ထုတ်ပြန်ချက်အရ သိရပါတယ်။
လာမယ့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွက် လိုငွေနဲ့ GDP အချိုးဟာ ၅ ဒသမ ၆၇ ရာခိုင်နှုန်း ရှိပြီး ပျမ်းမျှ ငါးရာခိုင်နှုန်း ကျော်လွန်နေတယ်လို့ စစ်ကောင်စီဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဌလည်းဖြစ် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာတော့ လိုငွေနဲ့ GDP အချိုးက ၅ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်တာကြောင့် လာမယ့်နှစ်မှာ လိုငွေနဲ့ GDP အချိုး သုညဒဿမသုညနှစ် ရာခိုင်နှုန်း ပိုများလာတယ်လို့ သူကပြောပါတယ်။
ဒီလို လိုငွေနဲ့ GDP ပိုပြီး ကွာဟလာတာဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သုံးစွဲရမယ့်စရိတ်၊ နိုင်ငံခြားငွေနဲ့ မြန်မာငွေ လဲလှယ်နှုန်း ကွာဟချက်၊ ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်ဆံဖျားစရိတ်၊ သင်တန်းသား ထောက်ပံ့စရိတ်၊ နိုင်ငံရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး လျာထားချက်တွေကြောင့်လို့ ဆိုပါတယ်။
ဘတ်ဂျတ်သုံးစွဲမှု ပိုမိုမြင့်တက်လာတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အ ကြောင်းပြချက်တွေထဲမှာ လူမှုစီးပွားနဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးတွေကို အကြောင်းပြထားပေမယ့် လက်တွေ့မှာ နှစ်စဉ်စစ်ရေးအသုံးစရိတ်ကို အရင်ထက်ပိုတိုး သုံးစွဲခဲ့ပြီး ဘတ်ဂျတ်လိုငွေတွေလည်း မြင့်တက်နေတာပါ။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာဆိုရင် စစ်ကောင်စီဟာ ဘတ်ဂျတ်လိုငွေ ကျပ်ဘီလီယံ ၇၀၀၀ နီးပါး ရှိတဲ့ကြားက ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ ခွင့်ပြုပေးခဲ့တာပါ။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ကထက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ နှစ်ထောင်နီးပါး တိုးလာတာဖြစ်သလို ဆယ်စုနှစ်တခုအတွင်း အမြင့်ဆုံးစံချိန်တင်တဲ့ ကာကွယ်ရေးအသုံးစရိတ် ပမာဏလည်း ဖြစ်ခဲ့ပါတယ်။
လာမယ့် ဘဏ္ဍာနှစ်အတွက် စစ်ကောင်စီရဲ့ ဝန်ကြီးဌာနတွေ တခုချင်းအလိုက် အသုံးစရိတ်တွေကိုတော့ အသေးစိတ်ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၉-၂၀ နဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွေမှာ နှစ်နှစ်ဆက် လိုငွေနဲ့ GDP အချိုး ငါးရာခိုင်နှုန်းထက် ကျော်ခဲ့ချိန်မှာ စစ်တပ်ကိုယ်စားလှယ်တွေက လွှတ်တော်တွင်းမှာ ဝေဖန်ဆွေးနွေးခဲ့ကြဖူးပါတယ်။
လိုငွေနဲ့ GDP အချိုးကို ငါးရာခိုင်နှုန်း အောက်မှာသာ ထိန်းထားသင့်ပြီး နှစ်အလိုက် လိုငွေနဲ့ GDP အချိုး ကြီးမားလာတာဟာ တိုင်းပြည်ရဲ့ စီးပွားရေး ထိခိုက်နိုင်ခြင်း ရှိ၊ မရှိကို ဆန်းစစ်ဖို့ လိုတယ်လို့ အဲဒီအချိန်က စစ်တပ်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ပြောဆိုခဲ့ကြပါတယ်။
လက်ရှိအာဏာသိမ်းပြီးနောက်ပိုင်း ဘတ်ဂျတ်အသုံးစရိတ်တွေမှာ အခုလို ကိန်းဂဏန်းပေါ်ပေါက်လာပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ သူတို့အနေနဲ့ အခက်အခက်တွေကြားကနေ နိုင်ငံ့စီးပွားရေးအခြေအနေကို အတိုင်းအတာတခုအထိ ပိုကောင်းလာအောင်လုပ်ထားနိုင်တယ်လို့ ပြောဆိုလေ့ရှိပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ