မတ်၊ ၁၂
အာဏာသိမ်းစစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ဝင်ရောက်ဖြေဆိုသူ နှစ်စဉ်လျော့ကျလာနေပြီး အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ တနိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၃၀၀၀၀ (တသိန်းသုံးသောင်း)နီးပါးသာ ရှိပါတယ်။
စနစ်သစ်ပညာရေးအရ ပထမဆုံးပြုလုပ်တာဖြစ်သလို စစ်ကောင်စီလက်ထက် တတိယအကြိမ်မြောက်လည်းဖြစ်တဲ့ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသူ တသိန်းခွဲနီးပါး (၁၄၆၅၂၃)ထဲက မနေ့က ပထမဆုံးနေ့မှာ တသိန်းသုံးသောင်းဝန်းကျင် (၁၂၈၈၀၁)ဦးသာ ဖြေဆိုခဲ့ကြတယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ဒါဟာ အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ဦးရေထက် ခုနစ်ဆလောက် လျော့ကျသွားတာ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ တနိုင်လုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၉၁၀၀၀၀ (ကိုးသိန်းတသောင်း)ကျော် ရှိခဲ့တာပါ။
အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမဆုံးနေ့ စာရင်းတွေအရ မန္တလေးတိုင်းက ကျောင်းသားသူ၊ ကျောင်းသား နှစ်သောင်းကျော်နဲ့ အများဆုံး ဖြေဆိုခဲ့ကာ ရခိုင်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း တို့မှာတော့ နှစ်သောင်းဝန်းကျင်စီ ဖြေဆို ခဲ့ကြတယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ပြည်နယ်မြို့တော် လွိုင်ကော်အပါအဝင် တပြည်နယ်လုံးနီးပါး တိုက်ပွဲဖြစ်နေတာ၊ စစ်ကောင်စီယန္တရားတွေ စိုးမိုးနိုင်ခြင်း မရှိတော့တာ စတဲ့အခြေအနေတွေနဲ့ကြုံနေရတဲ့ ကယား (ကရင်နီ)ပြည်နယ်မှာတော့ အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စစ်ကောင်စီက စာစစ်ဌာန သတ်မှတ်ပေးနိုင်ခြင်း မရှိပါဘူး။
အလားတူ မြို့တချို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီစိုးမိုးနယ်မြေ အများအပြား လက်လွှတ်ထားရတဲ့ ချင်းပြည်နယ်မှာလည်း စာစစ်ဌာနဆယ်ခုသာ ဖွင့်လှစ်နိုင်ပြီး ဖြေဆိုသူ လေးရာကျော်သာရှိကာ တိုင်းနဲ့ပြည်နယ်တွေမှာ အနည်းဆုံးဖြစ်ခဲ့ပါတယ်။
ပြည်နယ်အတွင်း စုစုပေါင်းမြို့နယ် ၁၇ ခုရှိတဲ့အနက် ခုနစ်မြို့နယ်ကို ရခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်တဲ့ မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၈၅၀၀ကျော်သာ ရှိပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အဲဒီနှစ်မှာတော့ ကိုဗစ်ရောဂါနဲ့ အဲဒီအချိန်က အာဏာသိမ်းမှုဆန့်ကျင်ရေး အခြေအနေတွေအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မကျင်းပနိုင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တနိုင်ငံလုံးအတိုင်းအတာအရ စာရင်းပေးသူ တသိန်းရှစ်သောင်း ထဲက တသိန်းခြောက်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး စစ်ကောင်စီလက်ထက် ပထမဆုံးကျင်းပတဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ သုံးသိန်းကျော်စာရင်းပေးတဲ့ထဲက နှစ်သိန်းရှစ်သောင်းကျော် (၂၈၁၇၄၁) ဖြေဆိုခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – လက်ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြတဲ့ တနင်္သာရီတိုင်းက ကျောင်းသူ၊ ကျောင်းသားများ