ထိပ်ဖူး အများအပြား တပြိုင်တည်း တပ်ဆင်ပစ်ခတ်နိုင်တဲ့ ပြည်တွင်းဖြစ် ဒုံးကျည်ကို အိန္ဒိယ စမ်းသပ်အောင်မြင်

မတ်၊ ၁၂

ထိပ်ဖူး တော်တော်များများ တပ်ဆင်နိုင်တဲ့ ပထမဆုံး ပြည်တွင်းဖြစ် ဒုံးကျည်တစင်းကို အိန္ဒိယက အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ 

ဒုံးကျည် စမ်းသပ်မှု အောင်မြင်တဲ့ သတင်းကို နိုင်ငံရဲ့ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက မတ်လ ၁၁ ရက်နေ့မှာ လူမှုကွန်ရက် မီဒီယာ Xကနေ ဂုဏ်ယူစွာနဲ့ ကြေညာခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ ကမ္ဘာမြေမျက်နှာပြင် အထက် အရမ်းမြင့်တဲ့ နေရာကနေ ပျံသန်းပြီး ပစ်မှတ်တွေဆီကို ထိပ်ဖူးတွေက ကိုယ်ပိုင် ထိန်းချုပ်မှု စနစ်နဲ့ ပြန်ကျဆင်းနိုင်အောင် တီထွင်ထားတာလို့ မိုဒီက ဆိုပါတယ်။

အိန္ဒိယဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ ကတည်းက ပြည်တွင်းဖြစ် တာလတ်နဲ့ တာဝေးပစ် ဒုံးကျည်တွေကို သုတေသနပြု တီထွင်နေခဲ့ပြီး အထူးသဖြင့် တရုတ်နဲ့ မဟာဗျူဟာရေးရာ ပြိုင်ဆိုင်မှုတွေ မြင့်တက်လာချိန်မှာ အဲဒီ အားထုတ်မှုတွေကို ပိုမို အရှိန်မြှင့်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ အိန္ဒိယဟာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်ပြီး ကီလိုမီတာ ၅၀၀၀ လောက်ထိ ပျံသန်းနိုင်တဲ့ Agni-5 ဒုံးကျည်ကို စမ်းသပ် အောင်မြင်ခဲ့ပါတယ်။ တနည်းအားဖြင့် အဲဒီ ဒုံးကျည်ဟာ တရုတ်ပိုင်နက်ထဲက ဘယ်နေရာကိုမဆို ချိန်ရွယ် တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အခုစမ်းသပ် အောင်မြင်ခဲ့တဲ့ ဒုံးကျည်ကတော့ Agni-5ရဲ့ ပလက်ဖောင်းကို အခြေခံထားပြီး ကွဲပြားတဲ့ ပစ်မှတ်တွေကို တပြိုင်တည်း တိုက်ခိုက်နိုင်အောင် အဆင့်မြှင့် ဖန်တီးထားတယ်လို့ ယုံကြည်ရပါတယ်။

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံအနေနဲ့ ဒုံးကျည်နည်းပညာ တိုးတက်ရေးအတွက် အဆင့်မြှင့် သုတေသနပြုမှုတွေအတွက် မိတ်ဖက်နိုင်ငံတွေကို သေချာ စိစစ် ရွေးချယ်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

အစဉ်အလာအရ အိန္ဒိယဟာ ကာကွယ်ရေး နည်းပညာ ကဏ္ဍနဲ့ ပတ်သက်ရင် ရုရှားအပေါ် ကြီးကြီးမားမား မှီခိုခဲ့ရဖူးပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာတော့ ပြည်တွင်းဖြစ် နည်းပညာတွေကို မြှင့်တင်ဖို့နဲ့ ဂျပန်၊ ဩစတြေးလျတို့အပြင် အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့တွေကို ပိုပြီး အလေးပေး လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။

 

Ref: AFP