ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်တွေ မြေပြင်လမ်းကြောင်းက မဝင်နိုင်တော့ဘူးလို့ KNDF ဆို

မတ်၊ ၁၁
 
ကရင်နီ (ကယား)ပြည်နယ်ထဲကို စစ်ကောင်စီတပ်တွေ မြေပြင်လမ်းကြောင်းတွေကနေ မဝင်လာနိုင်တော့ဘဲ လေကြောင်းနဲ့သာ ထောက်ပို့ပေးနိုင်တော့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။
 
“မြို့ဝင်၊ မြို့ထွက်တွေကို ကျွန်တော်တို့က ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဆိုတော့ မြေပြင်ကနေလာမယ့် စစ်ကြောင်းတွေက မဝင်နိုင်တော့ဘူး၊ နောက်ပြီးတော့ ရိက္ခာပဲဖြစ်ဖြစ်၊ ခဲယမ်းပဲဖြစ်ဖြစ် မပို့ဆောင်နိုင်တော့ဘူး” လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို အဓိကထိုးစစ်ဆင်တဲ့ (၁၁၁၁)စစ်ဆင်ရေး စတင်ရာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက် နောက်ပိုင်းကတည်းက အခုလို မြေပြင်လမ်းကြောင်းကို စစ်ကောင်စီတပ်က အသုံးမပြုနိုင်တော့တာလို့ သိရပါတယ်။
 
ပြည်နယ်ပြင်ပကနေ ကရင်နီထဲကို အခုလို ဝင်မလာနိုင်တော့သလို ကရင်နီပြည်နယ်ထဲမှာပဲရှိတဲ့ မြို့နယ်တွေကြား အခြေစိုက် စစ်ကောင်စီတပ်တွေ အချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားနိုင်တယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
“ရိက္ခာတွေ၊ ခဲယမ်းတွေကို ရဟတ်ယာဥ်နဲ့ ပို့တယ်၊ ပြီးရင် လေယာဥ်နဲ့ လာပြီးတော့မှ လေထီးနဲ့ ပစ္စည်းတွေ ပစ်ချပေးတာပေါ့၊ အဲလိုမျိုးတွေပဲ တောက်လျှောက်လုပ်နေတယ်” လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
အဲဒီလို လေကြောင်းကနေ ချပေးတဲ့ လက်နက်ခဲယမ်းတွေထဲက တချို့ကို ကရင်နီတော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိတာမျိုးတွေလည်း ရှိနေပါတယ်။
 
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က တောင်ကြီးမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ) ၂၄၉ ကနေ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ထဲကို ရဟတ်ယာဥ်သုံးစီးနဲ့ အင်အား ခြောက်ဆယ်ကျော် စစ်ကူပို့ခဲ့ပေမယ့် ကရင်နီတပ်တွေရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် အရှင်ဖမ်းဆီးရမိသူနှစ်ဦးကလွဲလို့ ကျန်တဲ့တပ်ဖွဲ့ဝင်တွေ အကုန်လုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ကုန်ခါနီးမှာ ရှမ်းပြည်နယ်၊ ပင်လောင်းဘက်ကနေတဆင့် စစ်ကားအကြီး ခြောက်ဆယ်ကျော်ပါ ယာဥ်တန်းနဲ့ ကရင်နီပြည်နယ်ထဲကို နောက်ဆုံး မြေပြင်ထောက်ပို့ ပို့ဆောင်ခဲ့ပြီးနောက် မြေပြင်လမ်း ကြောင်းကနေ ထပ်ပို့ပေးနိုင်တာ မတွေ့ရတော့ပါဘူး။
 
ကရင်နီပြည်နယ်ထဲကို အဓိက ဝင်ပေါက်လမ်းကြောင်းဖြစ်တဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့တွေမှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏရှိနေပြီး တော်လှန်ရေးတပ်တွေကပဲ အဲဒီမြို့တွေကို အဓိက ထိန်းချုပ်ထားနိုင်ပါတယ်။
 
ဒါ့အပြင် နောက်ထပ်အရေးပါတဲ့ ဝင်ပေါက်ဖြစ်တဲ့ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့ကိုလည်း ရှေ့လကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာပါ။
 
“လမ်းကြောင်းတွေကတော့ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေ အေးဆေးသွားလာနိုင်တဲ့အနေအထားဖြစ်နေပြီ၊ လုံခြုံရေးတော့ သတိထားရတာပေါ့” လို့ လက်ရှိ ဖယ်ခုံဘက်မှာရှိနေတဲ့ အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
လက်ရှိ ကရင်နီပြည်နယ်ထဲမှာတော့ မယ်စဲ့မြို့နယ်နဲ့ ရှားတောမြို့နယ်တွေကို ကရင်နီတော်လှန်ရေးတပ်တွေက အလုံးစုံထိန်း ချုပ်ထားနိုင်သလို ပြည်နယ်မြို့တော် လွိုင်ကော်မှာလည်း မြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကို သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။
 
“လွိုင်ကော်မှာကတော့ သူတို့ရဲ့ အထိုင်တပ်တွေမှာပဲ အဓိကကျန်တော့တယ်၊ နောက်ပြီးတော့ တပ်ရဲ့ပတ်ပတ်လည်မှာ ရှိနေတဲ့ နေရာတွေပေါ့နော်၊ ဥပမာ မီးသတ်ရုံးလိုမျိုး၊ နောက်ပြီး ဝန်ထမ်းအိမ်ရာတွေလိုမျိုးမှာ ကာကင်းအနေနဲ့ ကာထား တာမျိုးလည်းရှိသေးတယ်” လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
လက်ရှိလွိုင်ကော်မြို့မှာတော့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လွိုင်ကော်အကျဥ်းထောင်၊ အစိုးရဖွဲ့ရုံး၊ ခလရ ၂၅၀၊ ခလရ ၂၆၁၊ ခလရ ၅၄၊ အမြောက်တပ်ရင်း ၃၆၂၊ အမှတ် ၇ တပ်မတော်ဆေးရုံ၊ အမှတ် ၇၂၂ ထောက်ပို့တပ်တို့ အဓိက ကျန်ရှိနေပြီး စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲခဲ့တဲ့ လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ကာကင်းစခန်း တွေကိုတော့ ကရင်နီတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
 
အလားတူပဲ ကရင်နီပြည်နယ်ထဲက ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်းစတဲ့ တခြားနေရာတွေမှာလည်း စစ်ကောင်စီ တပ်ရဲ့ ရှေ့တန်းစခန်းကုန်းအများစုကို ကရင်နီတပ်တွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး တပ်ရင်းအထိုင်စခန်းတွေမှာပဲ စစ် ကောင်စီတပ်တွေ အဓိက ကျန်တော့တာလို့ သိရပါတယ်။
 
“ကျန်တဲ့ မြို့ရဲ့အစိတ်အပိုင်းတွေ တော်တော်များများကိုတော့ တော်လှန်ရေးတပ်ပေါင်းစုံက သူ့နေရာနဲ့သူ နေရာယူ ထား တာမျိုးတွေ၊ စောင့်ကြည့်တာမျိုး၊ ပိတ်ဆို့တာမျိုး လုပ်ထားနိုင်တယ်” လို့လည်း KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာ ဝန်ရှိသူကပြောပါတယ်။
 
ဓာတ်ပုံ – KNDF
ပုံစာ – ကရင်နီပြည်နယ်အတွင်း တနေရာမှာတွေ့ရတဲ့ KNDF တပ်ဖွဲ့ဝင်တချို့