သုံးနှစ်ဝန်းကျင်အတွင်း စစ်အုပ်စုက အရပ်သား နှစ်ထောင်ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့

မတ်၊ ၁၀
 
အာဏာသိမ်းစစ်တပ်က သုံးနှစ်လောက်ကာလအတွင်း အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးရတဲ့ ဖြစ်စဉ် ၂၁၀ ထက်မနည်း ကျူးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေမှာ သေဆုံးရသူ ၂၀၇၉ ဦး ရှိတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။
 
လူငါးဦးနဲ့ ငါးဦးအထက် သတ်ဖြတ်တဲ့ဖြစ်စဉ်တွေကို စုဆောင်းဆန်းစစ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ဖော်ပြထားတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဒီဇင်ဘာအထိ ကာလအတွင်း အချက်အလက်တွေကို ထုတ်ပြန်ထားတာပါ။
 
စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွေထဲမှာ လက်နက်ကြီးသုံး ပစ်ခတ်သတ်ဖြတ်တာ၊ လေကြာင်းအသုံးပြု ဗုံးကြဲသတ်ဖြတ်တာ၊ တိုက်ပွဲဖြစ်ပွားစဉ်နဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ် သတ်ဖြတ်တာတို့ ပါဝင်တယ်လို့ ဉာဏ်လင်းသစ်အဖွဲ့က ဆိုပါတယ်။
 
“အကြမ်းဖက်စစ်တပ်ကတော့ နယ်မြေတွေ ဆုံးရှုံးလာတယ်၊ မြို့တွေ ဆက်တိုက်ကျလာတယ်၊ စစ်ပွဲတွေမှာလည်း ဘယ်လိုမှ ရင်ဆိုင်နိုင်စွမ်း မရှိတော့တဲ့အခါ ပြည်သူတွေကိုပဲ အစုလိုက် သေအောင်သတ်နေတော့တာ၊ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်တယ်” လို့ ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
 
အာဏာသိမ်းစစ်အုပ်စုဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ဖြစ်စဉ်တွေကို နေပြည်တော်ကလွဲလို့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ ကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ သေဆုံးမှု အရေအတွက်တွေထဲက ထက်ဝက်ကျော်ဟာ အညာဒေသ စစ်ကိုင်းတိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
 
စစ်ကိုင်းတိုင်းအတွင်းမှာ သုံးနှစ်ဝန်းကျင်အတွင်း စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ဖြစ်စဉ် ၁၀၈ ခု ကျူးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေထဲ သေဆုံးရသူ ၁၀၅၄ ဦး ရှိခဲ့ပါတယ်။ စစ်အုပ်စုဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ကထက် ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်တွေမှာ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပိုလုပ်ခဲ့ပြီး အရပ်သားသေဆုံးရသူ အရေအတွက်တွေကလည်း ပိုများလာတာ တွေ့ရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလကနေ ဒီဇင်ဘာအထိ လေးလတာအတွင်းမှာပဲ စစ်အုပ်စုရဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃၇ ကြိမ်နဲ့ သေဆုံးရသူအရပ်သား ၂၈၃ ဦးရှိခဲ့ပါတယ်။
 
အဲဒီဖြစ်စဉ်တွေထဲမှာ တိုက်ပွဲဖြစ်ချိန်နဲ့ နယ်မြေရှင်းလင်းရေးလုပ်ချိန်တို့မှာ သတ်ဖြတ်တဲ့ဖြစ်စဉ်ဟာ အများဆုံးဖြစ်ပြီး လေးလအတွင်း ဖြစ်စဉ် ၂၀ ခု၊ သတ်ဖြတ်ခံရသူ ၁၄၂ ဦး ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
 
လေကြောင်းတိုက်ခိုက်မှု၊ လေကြောင်းအကူအညီနဲ့ သတ်ဖြတ်မှုကတော့ ဒုတိယအများဆုံးဖြစ်ပြီး ဖြစ်စဉ် ၁၀ ခုနဲ့ သေဆုံးရသူ ၁၂၆ ဦးရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
 
လက်နက်ကြီးအသုံးပြုသတ်ဖြတ်တဲ့ ဖြစ်စဉ်တွေကတော့ လေးလအတွင်းမှာ သုံးခုရှိခဲ့ပြီး ဆယ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
 
ဉာဏ်လင်းသစ်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြမထားသေးတဲ့ အခု ၂၀၂၄ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာလည်း စစ်အုပ်စုဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေခဲ့တယ်လို့ ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
မနေ့က မတ်လ ၉ ရက်နေ့ညမှာပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၈ ဦးထက်မနည်း သေဆုံးကာ ဆယ်ဦးကျော် ဒဏ်ရာအပြင်းအထန်ရခဲ့ပါသေးတယ်။
 
“ဖြစ်စဉ်အားလုံးကို ကြည့်မယ်ဆိုရင် အကြောက်တရားကို လူထုစိတ်ထဲမှာ ဝင်အောင် လုပ်ယူတဲ့ပုံစံမျိုး ဖြစ်သလို ပုံသွင်းပြီးတော့မှ အုပ်ချုပ်နိုင်အောင် ကြိုးစားတဲ့ရလဒ်တခုကနေ ထွက်ပေါ်လာတဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပါတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက စစ်အုပ်စုရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ DNA ကို ပြောထားဖူးပါတယ်။
 
အဲဒီလို လူမဆန်တဲ့ သတ်ဖြတ်မှု လုပ်ရပ်တွေအပေါ် ခွင့်လွှတ်နိုင်စရာ မရှိဘဲ တချိန်ချိန်မှာ တရားမျှတမှုရဖို့ ဆောင်ရွက်ရမယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။
 
အလားတူပဲ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အပြစ်ပေး၊ အရေးယူဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားကြပါတယ်။
 
ဓာတ်ပုံ – Nyan Lynn Thit Analytica