မတ်၊ ၁၀
ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့၊ ဗမာတန်းမှာရှိတဲ့ နေအိမ်နဲ့ ဆိုင်ခန်း ခြောက်ဆယ်ကျော်ကို ဖျက်သိမ်းမှာဖြစ်လို့ အိမ်ပိုင်ရှင်တွေအနေနဲ့ သုံးရက်အတွင်း ဖယ်ရှားပေးဖို့ ကိုးကန့်တပ် (MNDAA)က မတ်လ ၉ ရက်၊ မနေ့က လာရောက်အကြောင်းကြားထားတယ်လို့ သတိရပါတယ်။
“လမ်းချဲ့မှာမို့လို့ ဖျက်မယ်တဲ့၊ ကိုးကန့်အဖွဲ့က ကိုယ်တိုင် အိမ်တွေမှာ လာပြောတာ၊ ရွှေ့တော့ရွှေ့နေကြပြီ၊ အကုန် တိုက်ကြီးတွေချည်းပဲ” လို့ လောက်ကိုင်ဒေသခံတဦးက DNA ကို ပြောပါတယ်။
ဗမာတန်းလို့ လူသိများတဲ့ ပေါင်ဖုန်းလမ်းထဲက နေအိမ်တွေကို အခုလို ဖယ်ခိုင်းနေတာဖြစ်ပြီး တလမ်းသွား လမ်းနှစ်လမ်းကြားမှာရှိတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို ဖယ်ရှားခိုင်းတာနဲ့ပတ်သက်ပြီး အိမ်ပိုင်ရှင်တွေက MNDAA ရုံးကို သုံးကြိမ်ထက်မနည်း သွားရောက်အကူအညီတောင်းခံခဲ့ပေမယ့် ပြေလည်မှုတော့ မရခဲ့ဘူးလို့ ဆိုပါတယ်။
“လာမဖယ်ခင်ကတည်းက သတင်းကြားလို့ အသနားခံစာ တင်ကြသေးတယ်ပြောတယ်၊ မရတာ။ တိုက်ပွဲဖြစ်ထားလို့ အကုန်ဒုက္ခရောက်နေကြတဲ့အချိန်ကြီးကို အမြန်လုပ်တာကတော့ အကုန်အဆင်မပြေဖြစ်တာပေါ့” လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။
MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကတော့ လောက်ကိုင်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းတွေကို ပြင်ဆင်နေပြီး ဗမာတန်းတခုတည်းမဟုတ်ဘဲ တခြားလိုအပ်တဲ့ နေရာတွေမှာပါ ဖျက်ရမှာဖြစ်တယ်လို့ BBC မြန်မာပိုင်းကို ဖြေဆိုထားပါတယ်။
အဲဒီနေရာမှာတော့ ဗမာလူမျိုးပိုင် နေအိမ်နဲ့ ဆိုင်ခန်း အနည်းငယ်သာရှိပြီး အများစုဟာ ကိုးကန်နဲ့ တရုတ်လူမျိုးပိုင်ဖြစ်ပေမယ့် ဗမာပစ္စည်းအဓိက ရောင်းချတဲ့နေရာဖြစ်လို့ ဗမာတန်းလို့ လူသိများတာလို့ သိရပါတယ်။
အခုလို နေအိမ်ဖယ်ရှားခံရတဲ့လူတွေကို လျော်ကြေးပေးတာ၊ အိမ်ဆောက်ဖို့နေရာ အစားထိုးပေးတာမျိုး လုပ်ပေးဖို့ ရှိမရှိ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို DNA က မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နှစ်လလောက်အကြာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ အရာရှိကြီးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ထောင်ကျော် MNDAA ဆီမှာ လက်နက်ချခဲ့ပြီးနောက် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လောက်ကိုင်မြို့ကို MNDAA ကပဲ အလုံးစုံထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
အဲဒီလို ထိန်းချုပ်ထားပြီးနောက်မှာတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ကိုးကန့်ဒေသပြင်ပက အလုပ်သမားတွေ၊ ပညာရှင်တွေကိုလည်း ကိုးကန့်ဒေသမှာ လာရောက်အလုပ်လုပ်ကိုင်ဖို့ MNDAA က ဖိတ်ခေါ်ထားပါတယ်။
ဒါပေမယ့် ကိုးကန့်ဒေသကို ခေါ်လာတဲ့ အလုပ်သမားတွေထဲ ရန်သူ့ သူလျှိုတွေ ပါလာရင် အဲဒီအလုပ်သမားတွေကို ခေါ်လာတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကို အရေးယူမယ်လို့လည်း MNDAA က သတိပေးထားပါသေးတယ်။
ဓာတ်ပုံ – Social Media