ရခိုင်မှာ ပညာရေးမှူးအပါအဝင် ဆရာ၊ ဆရာမ နှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီ ဖမ်းဆီး

မတ်၊ ၁၀
 
ရခိုင်ပြည်နယ် စစ်တွေမြို့ကို လစာထုတ်ဖို့လာတဲ့ ပညာရေးမှူး နှစ်ဦး အပါအဝင် စာမေးပွဲအခန်းစောင့်ဖို့ ဆင့်ခေါ်ခံရတဲ့ဆရာ၊ ဆရာမ နှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေနဲ့ ဝန်ထမ်းတွေက ပြောကြပါတယ်။
 
ဝန်ထမ်းလစာထုတ်ဖို့လာတဲ့ ကျောက်တော်မှ လက်ထောက်ပညာရေးမှူး တဦး၊ ဝန်ထမ်းအချို့၊ မြောက်ဦးမြို့နယ်မှ မြို့နယ်ပညာရေးမှူး တဦး နဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အခန်းစောင့်ဖို့လာကြတဲ့ ဆရာ၊ ဆရာမတွေကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
 
“အခန်းစောင့်ဖို့ ပြည်နယ်ရုံးကခေါ်လို့ လာကြတဲ့ ဆရာ၊ ဆရာမတွေပါ၊ သူတို့ပဲခေါ်ပြီး သူတို့ပဲ ဖမ်းထားတာ၊ ဒီနေ့ထိ မလွှတ်သေးဘူး၊ မနက်ဖြန်ပဲ စာမေးပွဲစပြီလေ၊ ပညာရေးမှူးလည်း မလွှတ်သေးဘူး” လို့ ဖမ်းဆီးခံထားရသူ ဆရာ၊ ဆရာမတွေနဲ့ နီးစပ်တဲ့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။
 
အခုဖမ်းဆီးခံရတဲ့ ဆရာ၊ ဆရာမတွေဟာ မနက်ဖြန် မတ်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်း (၁၂ တန်း)စာမေးပွဲအတွက် အခန်းစောင့်ဖို့ ပြည်နယ်ပညာရေးမှူးရုံးရဲ့ ဆင့်ခေါ်ခြင်း ခံရသူတွေ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
 
အဲဒီဆရာ၊ ဆရာမတွေနဲ့ ပညာရေးမှူးတွေကို ရခိုင်ပြည်နယ်ရဲမှူးက စစ်ဆေးစရာရှိတယ်ဆိုကာ ခေါ်ယူ၊ ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပညာရေးဝန်ထမ်းတွေ ဆီက သိရပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်းရင်းကိုတော့ လတ်တလော မသိရှိရသေးဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။
 
“ဘာလို့ ဖမ်းတာလဲမသိဘူး၊ အဆင့်ဆင့်တော့ တင်ပြထားကြတယ်ပြောတယ်၊ ဆရာ၊ ဆရာမတွေကို စစ်ရုံပဲစစ်ပြီး ပြန်လွှတ်ပေးဖို့ မျှော်လင့်တယ်” လို့ ပညာရေးဝန်ထမ်း အလယ်တန်းပြဆရာမတဦးက ပြောပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်အများစုကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထားတာကြောင့် မြို့တော်စစ်တွေနဲ့ အခြားမြို့နယ်အနည်းငယ်မှာသာ တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပဖို့ စီစဉ်နေတာပါ။
 
အရင်နှစ်တွေတုန်းက ရခိုင်ပြည်နယ်မှာ စာစစ်ဌာန ၁၂၀ ဝန်းကျင်ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ၆၉ ခုသာ ရှိမယ်လို့ စစ်ကောင်စီက အသိပေးထားပါတယ်။ ပြည်နယ်မြောက်ပိုင်းက တက္ကသိုလ်ဝင်ကျောင်းသားတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် စာမေးပွဲဖြေဆိုဖို့ မသွားရဲဖြစ်နေကြတာပါ။
 
“စာမေးပွဲဖြေဖို့ ကလေးတွေနဲ့ လိုက်တဲ့ မိဘတွေကိုတောင် ဖမ်းတာတွေ ရှိနေတော့ သွားမဖြေတဲ့သူတွေ အများကြီးရှိတယ်၊ စာမေးပွဲကလည်း မနက်ဆို စတော့မယ်၊ ဘယ်လိုလာအုံးမလဲတော့ မသိပါဘူး” လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုရမယ့် ကျောင်းသားမိဘတဦးက ပြောပါတယ်။
 
စစ်ကောင်စီအနေနဲ့ စာမေးပွဲလာဖြေကြမယ့် ကျောင်းသားတွေနဲ့ အတူပါလာမယ့် မိသားစုဝင်တွေ၊ ဆရာ၊ ဆရာမတွေကို လုံခြုံရေးအာမခံချက်ပေးဖို့လိုပြီး အခုလိုဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတာဟာ မဖြစ်သင့်ဘူးလို့ ပညာရေးဝန်ထမ်းတွေက ထောက်ပြကြပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကလည်း မင်းပြားမြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းတဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
 
စစ်ကောင်စီက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပဖို့ စီစဉ်နေတဲ့ စစ်တွေမြို့မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ကောင်စီတပ်က တဖက်သတ် လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်နေပြီး တပတ်ကျော်အတွင်း မြို့ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သေဆုံးရသူ ၁၇ ဦးထက်မနည်းနဲ့ ဒဏ်ရာရသူ တရာဝန်းကျင်ရှိခဲ့ပါတယ်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားတဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)ကတော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရေတို၊ ရေရှည် ပညာရေးအစီအစဉ်တွေ ပြင်ဆင်နေပြီး ရေတိုမှာ ကျောင်းသားတွေ မနစ်နာစေရေးအတွက် ၁၂ တန်းနဲ့ အစိုးရစစ်အတန်းတွေဖြစ်တဲ့ ၅ တန်း၊ ၈ တန်းစာမေးပွဲတွေကို စစ်ဆေးကျင်းပဖို့ စီစဉ်နေတယ်လို့ ဆိုထားပါတယ်။
 
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က စာစစ်ဌာန ၆၀ ဖွင့်လှစ်စစ်ဆေးခဲ့ပြီး ဖြေဆိုသူကျောင်းသား ၁၉၁၆၅ ဦး ရှိခဲ့ကာ ၂၀၂၂ ခုနှစ်မှာတော့ စာစစ်ဌာန ၁၂၈ ခုနဲ့ ဖြေဆိုသူ လေးသောင်းကျော်ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း စာစစ်ဌာန ၁၂၆ ခုနဲ့ ဖြေဆိုသူ ငါးသောင်းနီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီပညာရေးဌာနရဲ့ အချက်အလက်တွေက ဆိုပါတယ်။
 
စစ်ကောင်စီဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း ကျင်းပမယ့်လို့ ကြေငြာထားပြီး ရခိုင်ပြည်နယ်မှာလည်း အဲဒီရက်တွေမှာပဲ တပြိုင်တည်းကျင်းပသွားမှာပါ။
 
ဓာတ်ပုံ – Google