စစ်ကောင်စီရဲ့လွဲမှားနေတဲ့ မူဝါဒကြောင့် ရော်ဘာလုပ်ငန်း ထိခိုက်လာနိုင်

မတ်၊ ၁၀
 
မွန်ပြည်နယ်ထွက်ကုန်တခုဖြစ်တဲ့ ရော်ဘာတွေကို တရားမဝင်တင်ပို့ရောင်းချပါက ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ ရော်ဘာကဏ္ဍအပေါ် သက်ရောက်မှုရှိလာနိုင်သလို လုပ်ငန်းရပ်နားလာရတဲ့ အခြေအနေတွေ ကြုံတွေ့လာနိုင်တယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ပြောပါတယ်။
 
” လွတ်လပ်စွာ သယ်ယူရောင်းချပိုင်ခွင့် ရှိတယ်လို့ သဘောပေါက်နားလည်ထားတယ်၊ အခုက ဒီလိုကန့်သတ်လိုက်တော့ ဈေးကွက်ကိုလည်း ထိလာနိုင်တယ်၊ နောက်ဆုံး ဒီလုပ်ငန်း ရော်ဘာက ရပ်နားသွားရနိုင်တယ်၊ ခုတောင် ဈေးက အကျဘက်ကို ဦးတည်နေပြီလေ” လို့ မော်လမြိုင်မြို့မှ ရော်ဘာလုပ်ငန်းရှင်တဦးက DNA ကို ပြောပါတယ်။
 
မွန်ပြည်နယ်ကနေ ထွက်တဲ့ ရော်ဘာတွေကို တရားမဝင်လမ်းကြောင်းကနေ တင်ပို့ရောင်းချမှုတွေ ရှိနေတဲ့ အကြောင်းပြချက်နဲ့ အထောက်အထားမဲ့ ရော်ဘာတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က အခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
 
အဲဒီညွှန်ကြားချက်ထွက်လာပြီးနောက် စစ်ကောင်စီအဖွဲ့တွေက ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်းတွေအပါအဝင် တရားမဝင်တင်ပို့နိုင်မယ့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့စစ်ဆေးရှာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
 
ဒီလိုမျိုးစစ်ဆေးရှာဖွေမှုတွေ ပြုလုပ်နေချိန် မတ်လ ၄ ရက်နေ့က မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက် မော်လမြိုင်-ဘားအံ ကားလမ်းပေါ်မှာ ရော်ဘာတန်ချိန် ၈ တန်တင်ဆောင်လာတဲ့ ကားကို တရားမဝင်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
 
အဲဒီဖမ်းဆီးမှုဟာ မွန်ပြည်နယ်တွင်းက ရော်ဘာလုပ်ငန်းအတွက် ရိုတ်ခတ်မှုရှိလာပြီး ရော်ဘာလုပ်ငန်းရှင်တွေနဲ့ ရော်ဘာစိုက်တောင်သူတွေအကြားမှာ စိုးရိမ်မှုတွေ ရှိလာတာဖြစ်ပါတယ်။
 
” အမတို့ ဒီလုပ်ငန်းလုပ်လာတာ ဆယ်နှစ်မကတော့ ခုမှ ဒီလိုကြားဖူးဘူးတယ်၊ အရင်ကလည်း ဒီတိုင်းပဲ ပို့နေကြတယ်လေ၊ လုပ်ငန်းလိုင်စင်မှာ အခွန်ဆောင်ထားတာပဲ၊ အခုက ဘာကြောင့် ဖမ်းတာလဲဆိုတာ တိတိကျကျမသိရသေးဘူး” လို့ ရေးမြို့နယ်မှ ရော်ဘာကုန်သည်တဦးက ပြောပါတယ်။
 
လက်တလောမှာ တရားမဝင်ရော်ဘာတင်ဆောင်တဲ့သူတွေကို အရေးယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကုန်သည်တွေထံကို အသိပေးအကြောင်းကြားထားတာ မရှိသေးတဲ့အတွက် အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရော်ဘာလုပ်ငန်းရှင်အသင်း တွေကနေတဆင့် အာဏာပိုင်တွေထံ မေးမြန်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
 
၂၀၁၃ ခုနှစ်မှာ ပြဌာန်းထားတဲ့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေရဲ့ အခန်း(၄)မှာတော့ လယ်ယာထုတ်ကုန်တွေကို လွတ်လပ်စွာ သယ်ယူခွင့်ရောင်းချခွင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။
 
ဒီအခြေအနေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အောင်မြတ်ကျော်စိန်ကို DNA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိပါဘူး။
 
တဖက်မှာလည်း အခုလို ဖမ်းဆီးမှုတွေကြောင့် မွန်ပြည်နယ်ထွက် ရော်ဘာတပေါင်ကို ကျပ် ၁၈၀၀ ရှိရာကနေ ကျပ် ၁၆၀၀ ထိ ကျဆင်းလာပြီး ဈေးကွက်မှာလည်း မတည်အငြိမ်ဖြစ်နေကာ အရောင်းအဝယ်လည်း အေးနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
 
“ဝယ်သူရောင်းသူတွေ တချက်ငြိမ်နေကြတယ်၊ ဖမ်းနေတာပြောတယ်၊ အကိုတို့ တလောက သွားရောင်းတာတောင် မဝယ်သေးဘူးတဲ့၊ ဈေးကလည်း နှစ်ရာလောက်ဟသွားတယ်၊ အဲဒါနဲ့မရောင်းဖြစ်တော့ဘူး၊ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ပြောတာပဲ” လို့ ချောင်းဆုံမြို့နယ်မှ ရော်ဘာခြံပိုင်ရှင်တဦးက ပြောပါတယ်။
 
လက်ရှိမှာလည်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မွန်ပြည်နယ်က မြို့နယ်တွေဟာ ရော်ဘာအဓိကထွက်ရှိတဲ့ မြို့နယ်တွေ ဖြစ်တဲ့အတွက် ရော်ဘာအစေးခြစ်ဖို့ အခက်အခဲတွေလည်း ကြုံတွေ့နေရသလို လုပ်သားရှားပါးမှုတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
 
မွန်ပြည်နယ်မှာဆိုရင် ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတဲ့ပြည်နယ်တခုလည်းဖြစ်ပြီး မြို့နယ်အားလုံးနီးပါးမှာ စီးပွားအဖြစ်စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။
 
ထွက်ရှိလာတဲ့ ရော်ဘာတွေကို ကုန်ချောထုတ်လုပ်နိုင်တဲ့ နည်းပညာနဲ့ ရင်းနှီးမြှပ်နှံမှုမရှိတဲ့အတွက် ထိုင်းနဲ့ တရုတ်နိုင်ငံကို ကုန်ကြမ်းအဖြစ်သာ တင်ပို့နေရတာ ဖြစ်ပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် ရော်ဘာလုပ်ငန်းရှင်တွေကို မကြာခဏခေါ်ယူတွေ့ဆုံပြီး ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးနေကာ မူဝါဒအမျိုးမျိုးချမှတ်နေတဲ့ စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်ဟာ မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍထိခိုက်စေမှာ ငြင်းလို့မရဘူးလို့ ပေါင်မြို့နယ်ရော်ဘာလုပ်ငန်းရှင်တဦးက မှတ်ချက်ပြုပါတယ်။
 
“မူဝါဒလွဲမှားနေတာ၊ အခုကာလ ဒီလောက်ထိ ဒုက္ခထဲမှာ လုပ်နေတာ လူတိုင်းသိတယ်၊ ဒီဟာကို ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ မလုပ်ဘဲ၊ ဘာအကြောင်းပြချက်မရှိ၊ ဘာမှန်းမသိဘဲ ဖမ်းတာက တလွဲလုပ်နေသလားလို့ မေးခွန်းထုတ်ရမှာပဲ၊ ဒီကိစ္စကို လုပ်ငန်းရှင်တွေနဲ့ သေချာမတိုင်ပင်ဘူးဆိုရင် ကဏ္ဍတခုလုံး ရပ်တန့်သွားမှာ ငြင်းလို့မရဘူး၊ ပျက်စီးသွားမှာ” လို့ သူက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media