မြောက်ဥက္ကလာပ ကန်သာယာပန်းခြံရှိ ရှစ်လေးလုံးအထိမ်းအမှတ် ကျောက်တိုင်ကို စစ်ကောင်စီဖျက်ဆီး

မတ်၊ ၁၀
 
မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံအတွင်းရှိ ရှစ်လေးလုံးအထိမ်းအမှတ်ကျောက်တိုင်ကို စစ်ကောင်စီက ဖျက်ဆီးလိုက်ပြီး အဲဒီအနားဝန်းကျင်ကို အများပြည်သူသွားလာခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ရှစ်လေးလုံးအထိမ်းအမှတ်ကျောက်တိုင်ကို မတ်လ ၈ ရက် ညမှာ စစ်တပ်က ဝင်ရောက်ဖြိုဖျက်ခဲ့တာဖြစ်ပြီး အဲဒီကျောက်တိုင်ရှိရာ အနားကို သွားလာခွင့်မပေးဘဲ လုံခြုံရေးချကာ စောင့်ကြည့်နေတယ်လို့ ကန်သာယာပန်းခြံအနီး နေထိုင်သူတဦးက ဆိုပါတယ်။
 
“ညအချိန်မတော်ကြီး ဝင်ဖျက်ဆီးသွားတာ။ မနေ့ကအထိ လုံခြုံရေးတွေ ချထားတာတွေ့တယ်။ စျေးဝယ်စင်တာရှိတဲ့ဖက်ပဲ ဖြတ်သန်းသွားလာခွင့်ပေးတယ်။ ဒီနေ့တော့ အဲဒီဖက်မရောက်လို့ အခြေအနေမသိသေးဘူး” လို့ ပြောပါတယ်။
 
လက်ရှိမှာ ဖြိုဖျက်ခံရတဲ့ ကျောက်တိုင်ဝန်းကျင်ကို နေပူခံအစိမ်းရောင်ဇာနဲ့ ကာရံထားပြီး ဝင်ရောက်ခွင့်မပြုဘူးဆိုတဲ့ စာကပ်ထားတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။
 
အဲဒီ ရှစ်လေးလုံးအထိန်းအမှတ်ကျောက်တိုင်ကို ၂၀၁၈ သြဂုတ်လက စိုက်ထူခဲ့တာဖြစ်ပြီး ကျောက်တိုင်စိုက်ထူတဲ့ အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလူပ်ရှားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းတွေအရ သိရပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ကန်သာယာပန်းခြံရှိ အထိမ်းအမှတ်ကျောက်တိုင် (ပုံဟောင်း)