နေရပ်ပြန်တဲ့ ရခိုင်လူငယ်တွေ ရန်ကုန်လေဆိပ်မှာ ဟန့်တား၊ ဖမ်းဆီးခံနေရ

မတ် ၉

စစ်ကောင်စီဟာ နေရပ်ပြန်ကြတဲ့ရခိုင်လူငယ်တွေကို ရန်ကုန်လေဆိပ်မှာ ဟန့်တား၊ ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်နေပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးရတဲ့ရခိုင်လူငယ် ရာဂဏန်းရှိပြီလို့ မိသားစုဝင်တွေနဲ့ ရန်ကုန်ရောက်ရခိုင် ဒေသခံတွေက ပြောဆိုကြပါတယ်။

ရန်ကုန်လေဆိပ်ကနေတဆင့် ရခိုင်ပြည်နယ်ကို လေယာဉ်စီးကြမယ့်ခရီးသည်တွေထဲက အမျိုးသမီးတွေ အပါ အဝင် လူငယ်၊ လူလတ်ပိုင်းတွေကို ဖမ်းဆီးနေတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေနဲ့ မိသားစုတွေက ပြောပါတယ်။

“လေဆိပ်မှာ ဘယ်သွားမလဲမေးတယ်၊ ရခိုင်ပြန်တာဆိုရင် မသွားရတော့ဘူး၊ အရင်ကတော့ လေဆိပ်မှာ စစ်ပြီး အိမ်ပြန်လွှတ်တယ်၊ မဖမ်းဘူး၊ အခုကတခါတည်း ဖမ်းတာ၊ အသက် ၃၅ နဲ့အောက်တွေဆိုရင် ဖမ်းနေတယ်၊ ဦး ဇင်းတို့သိတာ တရာကျော်လောက်ရှိပြီ”လို့ လက်ရှိ ရန်ကုန်မြို့မှာသီတင်းသုံးတဲ့ ရခိုင်သံဃာတော်တပါးက မိန့်ပါ တယ်။

 မနေ့ မတ်လ ၈ ရက်ကလည်း စစ်တွေလေဆိပ်ကို စီးနင်းလိုက်ပါကြမယ့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒေသခံလူငယ်နှစ်ဆယ်ထက်မနည်းကို ရန်ကုန်လေဆိပ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေထဲမှာ မိန်းကလေးငယ်တွေ အများစုပါဝင်ပြီး ဘယ်ကို ဖမ်းခေါ်သွားတယ်၊ ဘယ်မှာ ထိန်း သိမ်းထားတယ်ဆိုတဲ့အသေးစိတ်အခြေအနေတွေကိုတော့ အခုထိ မသိရသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်  တဲ့ရသေ့တောင်ဒေသခံတဦးက ပြောပါတယ်။

“အဖမ်းခံရတဲ့အကြောင်း ဖုန်းလှမ်းပြောလို့ မိသားစုကတော့ သိလိုက်ရတယ်၊ အခုဘယ်ကို ရောက်နေတယ်ဆို တာတွေလည်း မသိဘူး၊ မိသားစုတွေ တအားစိတ်ပူနေတယ်”လို့ အဲ့ဒီနီးစပ်သူက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရန်ကုန်လေဆိပ်ကနေ ကျောက်ဖြူမြို့ကို ပြန်ကြမယ့် မိန်းကလေး တွေအပါအဝင် လူငယ်ဆယ်ဦးဝန်းကျင်ကို စစ်ကောင်စီက ဟန့်တား၊ ဖမ်းဆီးထားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

အဲဒီထဲက တချို့ဟာ စစ်ကောင်စီတပ်အရာရှိတွေကို ပိုက်ဆံပေးပြီး ပြန်လွတ်လာခဲ့ပေမယ့် တချို့ကိုတော့ ဒီကနေ့အထိမလွှတ်သေးဘူးလို့ သိရပါတယ်။

“တယောက်ကို ၁၇ သိန်း၊ သိန်းနှစ်ဆယ် ပေးရတယ်ပြောတယ်၊ မလွတ်တဲ့သူတွေလည်း မလွတ်ကြဘူး”လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးက ပြောပြပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ တပတ်အကြာ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ရန်ကုန်ကနေ ရခိုင်ဘက်ပြန်မယ့် ကားသုံးစီး ကို ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဟန့်တားကာ ကားပေါ်ပါလာတဲ့ ရခိုင်ဒေသခံတရာ ကျော်ကို ဖမ်းဆီးထားခဲ့တယ်လို့ မိသားစုတွေက ပြောထားကြပါတယ်။

ဒီလိုဖမ်းဆီးမှုတွေကြောင့် ပြည်ပကနေ ပြန်လာကြတဲ့ ရခိုင်လူငယ်အလုပ်သမားတွေနဲ့ ရန်ကုန်ရောက် လူငယ် အလုပ်သမားတွေဟာ နေရပ် မပြန်ရဲဖြစ်နေကြပြီး အခက်အခဲကြုံနေကြရတယ်လို့ ပြောကြပါတယ်။ “ကျန်းမာရေးသိပ်မကောင်းလို့ နိုင်ငံခြားက ပြန်လာတာ၊ ရခိုင်ပြန်ဖို့ လေယာဉ်လက်မှတ်ဝယ်ထားပြီးပြီ၊ အဲဒါ ဒီလို အဖမ်းခံရတော့ မပြန်ရဲတော့ဘူး”လို့ ပြည်ပကနေ နေရပ်ပြန်လာတဲ့ ရခိုင်လူငယ်တဦးက ပြောပါတယ်။

ရခိုင်အပါအ၀င် နိုင်ငံအဝှမ်းမှာ မြို့နဲ့ တပ်စခန်းတွေ ဆက်တိုက်လက်လွှတ်နေရပြီး တပ်သားဆုံးရှုံးမှုအများအပြား ရှိနေတဲ့ စစ်ကောင်စီဟာ စစ်မှုထမ်းဥပေဒကို အသက်သွင်းပြီးနောက် အခုလို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ် နေခဲ့ တာပါ။

ဒါ့အပြင် ရန်ကုန်အပါအဝင် ပြည်မရောက် ရခိုင်လူမျိုးတွေကြားမှာလည်း အမုန်းတရားတွေ ပွားစေဖို့ မမှန်သတင်း တွေနဲ့ ဝါဒဖြန့်တာတွေကိုလည်း စစ်အုပ်စုက လုပ်နေပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် ရန်ကုန်အပါအဝင် ပြည်မရောက်ရခိုင်ဒေသခံတွေဟာ နေရပ်ကိုအလုံးအရင်းနဲ့ ပြန်နေကြတာပါ။

အစပိုင်းမှာတော့ နေရပ်ပြန်တဲ့ ရခိုင်ဒေသခံတွေကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးတာမရှိဘဲ ရခိုင်ပြည်နယ် အတွင်း က လေဆိပ်တွေဆီ ရောက်မှပဲ ဖမ်းဆီး၊ စစ်ဆေးတာတွေ လုပ်ခဲ့တာပါ။ အဲဒီလို စစ်တွေ၊ သံတွဲ၊ အမ်း၊ ကျောက်ဖြူ လေဆိပ်တို့မှာ ဖမ်းဆီးခံရသူတွေဟာလည်း ရာချီရှိနေတယ်လို့ ဒေသတွင်းသတင်းတွေကဆိုပါတယ်။

စစ်ကောင်စီဟာ နေရပ်ပြန်လာတဲ့ ရခိုင်လူငယ်တွေကို ဖမ်းဆီးနေတဲ့အပြင် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ပြည်နယ်တောင်ပိုင်းက လူငယ်တွေကိုလည်း ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပါတယ်။

အဲဒီထဲက ရိုဟင်ဂျာလူငယ်တွေကိုတော့ စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်တာတွေ စလုပ်နေပြီဖြစ်ပြီး စစ် ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ၀န်ကြီးကိုယ်တိုင် ကြီးကြပ်နေတာ တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်ရှုံးနေချိန်မှာ လူငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ဖို့ သူ့ရဲ့ တွစ်တာလူမှု ကွန်ရက်ကနေတဆင့် သတိပေးထားပါတယ်။

AA ပြောခွင့်ရ ခိုင်သုခကလည်း “အဲဒီလူငယ်တွေကို စစ်ကောင်စီဘက်ကနေပြီးတော့ ဥပမာ မတရားသတ် ဖြတ် တာတွေ ဖြစ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ မိုးဆုံးမြေဆုံး ပြန်ပြီးတော့ ပြတ်ပြတ် သားသားလက်တုန့်ပြန်သွားမယ်ဆိုတာကိုတော့ သတိပေးထားချင်တာရှိပါတယ်”ပြီးခဲ့တဲ့ မတ်လ ၄ ရက် သတင်း စာရှင်းလင်းပွဲမှာပြောထားပါတယ်။

အထက်ပါ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က မဟုတ်မှန်ဘူးလို့ငြင်းဆိုထားပြီး သတင်းမှားတွေ သာဖြစ်တယ်လို့ တုံ့ပြန်ရှင်းလင်းပြောဆိုနေတာရှိပါတယ်။

 စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲတွေစဖြစ်ကတည်းက ရခိုင်ပြည်တွင်း ဆက်သွယ်ရေး  လမ်း  ကြောင်းတွေအားလုံးကို ပိတ်ကာ မြို့တော်စစ်တွေအပါအဝင် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိသေးတဲ့မြို့တွေ  ဆီ ဆေးကုဖို့နဲ့ စျေးဝယ်၊ စျေးရောင်းလာသူတွေကိုပါ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

ဒါ့အပြင် AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ အလားတူပဲ ရခိုင်ဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူဟာလည်း တရာကျော်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။

AA ဟာ ရခိုင်ဒေသတိုက်ပွဲသုံးလကျော်အတွင်း ချင်းပြည်နယ် ပလက်၀အပါအ၀င် ပြည်နယ်မြောက်ပိုင်းနဲ့ အလယ် ပိုင်းက မြို့နယ် ခုနစ်ခုကို သိမ်းပိုက်ထားပြီး ကျန်မြို့တွေကိုလည်း သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကာ ပြည်နယ် အလယ်ပိုင်းနဲ့ တောင်ပိုင်းထိပါ တိုက်ပွဲတွေ ကျယ်ပြန့်လာ နေပါတယ်။