
နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်း၊ ကူရီဂါ မြို့ထဲက စာသင်ကျောင်း တခုမှာ ကလေးတွေကို မော်တော်ဆိုင်ကယ်စီး လူဆိုးတွေက မတ်လ ၇ ရက်နေ့မှာ ပြန်ပေးဆွဲသွားတာ ဖြစ်ပါတယ်။ ပြန်ပေး ဆွဲခံရတဲ့ ကလေး အရေအတွက်ဟာ ၂၀၀ နဲ့ ၃၀၀ ကြားလို့ ခန့်မှန်းထားပြီး အတိအကျ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။ ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၈ နှစ်လောက်ထိ ငယ်ရွယ်တဲ့ ကလေးတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကလည်း အမျိုးသမီးတွေနဲ့ ကလေးတွေ အများစု အပါအဝင် လူပေါင်း ၂၀၀ လောက်ကို စစ်သွေးကြွတွေ ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့ပါသေးတယ်။ အခင်းဖြစ်ပွားရာ နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းက ဘော်နိုဒေသဟာ ဘိုကိုဟာရမ် စစ်သွေးကြွတွေ သောင်းကျန်းနေတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။
ဘိုကိုဟာရမ်တွေဟာ ၂၀၁၄ ခုနှစ်တုန်းက ကျောင်းသူ မိန်းကလေးငယ် ၂၇၆ ဦးကို ပြန်ပေးဆွဲသွားခဲ့တဲ့ ကမ္ဘာသိ မှုခင်းကြီးကို ကျူးလွန်ခဲ့သူတွေပါ။
အနောက်အာဖရိက ဒေသတွင်း နိုင်ငံဟာ ဆိုးရွားတဲ့ အစုလိုက် အပြုံလိုက် ပြန်ပေးဆွဲမှုတွေ ကူးစက်ပျံ့နှံ့လာတဲ့ဒဏ်ကို ကိုင်တွယ်ထိန်းချုပ်ဖို့ အသည်းအသန် ရုန်းကန်နေရပါတယ်။
စာရင်းတွေအရ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း တနှစ်တာ ကာလမှာတင် နိုက်ဂျီးရီးယားမှာ ပြန်ပေးဆွဲ ခံရသူ ၃၆၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ပြန်ပေးသမားတွေ ရန်မူမှာကို ကြောက်ပြီး မတိုင်ကြားတာတွေ ရှိတာကြောင့် လက်တွေ့မှာတော့ ပျောက်ဆုံးသူ အရေအတွက်ဟာ အဲဒီထက် အများကြီး ပိုနိုင်ပါတယ်။
အခုနောက်ဆုံး ကလေးတွေကို ဖမ်းဆီးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ရှိကြောင်း မကြေညာသေးပါဘူး။ နိုက်ဂျီးရီးယား အစိုးရဟာ စစ်သွေးကြွတွေနဲ့ ဒုစရိုက် ဂိုဏ်းတွေက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား ပြန်ပေးဆွဲနေတာတွေကို တိုက်ဖျက်သွားမယ်လို့ ကတိပေး ကြွေးကြော်ထားပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
Ref: NPR