အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ် ပျံသန်းနေချိန် လေယာဉ်မှူး နှစ်ယောက်လုံး အိပ်ပျော်သွားခဲ့

မတ် ၊ ၉

အင်ဒိုနီးရှား ခရီးသည်တင် လေယာဉ် တစီးပေါ်မှာ လေယာဉ်မှူး နှစ်ယောက်စလုံး အိပ်ပျော်နေတဲ့ ဖြစ်ရပ်တခု ရှိခဲ့ကြောင်း လေကြောင်း လုံခြုံရေး ဌာနက ကြေညာခဲ့ပါတယ်။

 ဇန်နဝါရီ ၂၅ ရက်နေ့တုန်းက နိုင်ငံ အရှေ့တောင်ပိုင်း ဆူလာဝေဆီကနေ မြို့တော် ဂျကာတာဆီ ဦးတည်ပျံသန်းတဲ့ Batik​ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်မှာ လေယာဉ်မှူးရော၊ တွဲဖက် လေယာဉ်မှူးပါ ၂၈ မိနစ်လောက်ကြာအောင် အိပ်ပျော်သွားခဲ့တာလို့ ဆိုပါတယ်။

 လေကြောင်း လုံခြုံရေး ဌာနက လေယာဉ်မှူးတွေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို စောင့်ကြည့် စစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေကို ပိုမို ကြပ်မတ်သင့်နေပြီလို့လည်း တိုက်တွန်း အကြံပြုခဲ့ပါတယ်။

 အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ကော်မတီ (KNTK)က အခုဖြစ်စဉ်ကို တာဝန်ယူ စစ်ဆေးခဲ့ပြီး အစီရင်ခံစာကို ဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ အစီရင်ခံစာအရ လေယာဉ်မှူး တဦးဟာ ခရီးစဉ် မတိုင်ခင်ညမှာ လုံလောက်တဲ့ အိပ်စက် အနားယူမှုမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

 အင်ဒိုနီးရှားဟာ ကျွန်းစုတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပြီး လေကြောင်းခရီး သွားလာမှုအပေါ် အကြီးအကျယ် မှီခိုနေရပေမယ့်လည်း လေကြောင်း လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်ရင် မှတ်တမ်းပိုင်း အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။

 အခုဖော်ပြပါ ကိစ္စဆိုရင်လည်း အန္တရာယ် များလွန်းပေမယ့် Airbus A320 လေယာဉ်ပေါ်က ခရီးသည် ၁၅၃ ယောက်ရော၊ အမှုထမ်း ၄ ဦးပါ ၂ နာရီ ၃၅ မိနစ်ကြာ ခရီးစဉ်မှာ ထိခိုက်မှု မရှိခဲ့ဘဲ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့ပါတယ်။

 လေယာဉ် ပျံတက်ပြီး တနာရီခွဲ အကြာမှာ လေယာဉ်မှူးက ခဏတာ မှေးအိပ်ခွင့်အတွက် လက်ထောက် လေယာဉ်မှူးကို တာဝန်လွှဲထားဖို့ ခွင့်တောင်းခဲ့ပါတယ်။ ခွင့်ပြုချက် ရခဲ့တဲ့နောက် လက်ထောက် လေယာဉ်မှူးက လေယာဉ်ကို တာဝန်ယူ ပျံသန်းခဲ့ပေမယ့် သူလည်း အိပ်ပျော်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လက်ထောက် လေယာဉ်မှူးဟာ အဲဒီတုန်းက တလသားအရွယ် ကလေးနှစ်ဦးကို မွေးဖွားထားတဲ့ ဖခင်ဖြစ်ကြောင်း၊ ညပိုင်းမှာ ဇနီးကို ကူညီပေးရင်း သူလည်း အိပ်ရေးတွေ ပျက်နေခဲ့တာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 လက်ထောက် လေယာဉ်မှူးဆီက နောက်ဆုံး ဆက်သွယ် အကြောင်းကြားမှုအပြီး မိနစ်တော်တော်ကြာ အသံတိတ်သွားတဲ့နောက် ဂျကာတာမှာရှိတဲ့ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်က အကြိမ်ကြိမ် လှမ်းခေါ်ခဲ့ပေမယ့် အကြောင်းပြန်မှု မရခဲ့ပါဘူး။ ၂၈ မိနစ်လောက် ကြာတော့မှ လေယာဉ်မှူး ပြန်နိုးလာပြီး သူ့ရဲ့ တွဲဖက်ကပါ အိပ်ပျော်နေတယ် ဆိုတာကိုရော၊ လေယာဉ်က သတ်မှတ် လမ်းကြောင်းအတိုင်း ပျံသန်းနေတာ မဟုတ်ကြောင်း သတိထားမိသွားခဲ့ပါတယ်။ သူက တွဲဖက် လေယာဉ်မှူးကို ချက်ချင်းနှိုးပြီး လေယာဉ်ကို လမ်းကြောင်းပြန်တည့်မတ်ရင်း အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။

 လေယာဉ်မှူးတွေ အနေနဲ့ နောက်ဆက်တွဲ ဘယ်လို အခြေအနေတွေ ကြုံရမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ လေယာဉ်မှူးတွေရဲ့ နာမည်တွေကို မထုတ်ပြန်ပေမယ့် အသက် ၃၂ နှစ်နဲ့ ၂၈ နှစ်အရွယ် အသီးသီး ဖြစ်တယ်လို့ AFP သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။

 Ref: AFP