ဂါဇာမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး ရေကြောင်း စင်္ကြံ ထူထောင်ဖို့ ပြင်ဆင်

မတ် ၊ ၉

ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ဖို့ ရေကြောင်း စင်္ကြံတခုကို အခု သီတင်းပတ်ကုန်မှာ စတင် ထူထောင်နိုင်ဖို့ ကြိုးစားနေကြောင်း ဥရောပ ကော်မရှင်က ကြေညာခဲ့ပါတယ်။

 အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာ ကမ်းရိုးတန်းမှာ လူသားချင်း စာနာမှု ပစ္စည်းတွေ လက်ခံယူနိုင်တဲ့ ယာယီ ရေပေါ် လှေဆိပ်တခု တည်ဆောက်မယ်လို့ ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ အခု စင်္ကြံကို အရေးပေါ် သတ်မှတ်နိုင်ဖို့ ဥရောပ ကော်မရှင်က ပြင်ဆင်လာတာပါ။

 ရေလမ်းပို့ဆောင်ရေး စင်္ကြံ ထားရှိမယ့် ကိစ္စကို ဥရောပ ကော်မရှင်ရဲ့ အကြီးအကဲဖြစ်သူ အာဆူလာ ဗွန်ဒါ လီယန်က ပြောပါတယ်။

 တဖက်မှာတော့ အမေရိကန်က ထားရှိပေမယ့် ယာယီလှေဆိပ်ကို တည်ဆောက်ဖို့က ရက်ပေါင်း ၆၀ လောက်ထိ အချိန်ယူရဖွယ် ရှိနေဆဲလို့ သိရပါတယ်။

 စစ်ပွဲကြောင့် ဂါဇာလူဦးရေရဲ့ လေးပုံတပုံလောက်ဟာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးနဲ့ ရင်ဆိုင်ရဖို့ အရမ်းနီးကပ်နေကြောင်း ကုလသမဂ္ဂက ကြေညာခဲ့တဲ့နောက် အနောက်မဟာမိတ် နိုင်ငံတွေက ဂါဇာကို အထောက်အပံ့တွေ ပို့ဆောင်ဖို့ အပတ်တကုတ် အားထုတ်လာကြတာ ဖြစ်ပါတယ်။

 အမေရိကန်နဲ့ နိုင်ငံတချို့က ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ လေထီးကနေ ကြဲချတဲ့ နည်းလမ်းမျိုး အသုံးပြုနေပေမယ့်လည်း အပူတပြင်း လိုအပ်နေတဲ့ အကူအညီတွေကို ပြည့်မီအောင် ဖြည့်ဆည်းဖို့ ရုန်းကန်နေရပါတယ်။

 ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နိုင်ရေး သီးသန့် ရည်ရွယ်ထားတဲ့ ရေကြောင်း စင်္ကြံတခု သတ်မှတ်ထားခြင်းဟာ ဂါဇာကို မြေထဲပင်လယ်ကနေတဆင့် လူသားချင်း စာနာမှု အကူအညီတွေ အလုံးအရင်း တင်ပို့နိုင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်း ဖြစ်လာမယ်လို့ ဥရောပ ကော်မရှင်က ကြေညာပါတယ်။ အဲဒီမစ်ရှင်ဟာ ဆိုက်ပရပ်စ်ကနေတဆင့် ထောက်ပံ့ရေး ပစ္စည်းတွေ ဂါဇာကို ထဲထဲဝင်ဝင် ပို့ဆောင်နိုင်ဖို့ အဓိက ရည်ရွယ်ထားပါတယ်။

 ယူအေအီး၊ အမေရိကန်၊ ဗြိတိန်နဲ့  ဥရောပ ကော်မရှင်တို့ ပူးပေါင်း အကောင်အထည်ဖော်မယ့် ရေလမ်း ပို့ဆောင်ရေး စင်္ကြံဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ရှိနိုင်ပြီး ကုန်းလမ်းကနေ အထောက်အပံ့တွေ ပို့ဆောင်ခွင့် ပိုမို ရရှိစေရေး အစ္စရေးကို ဆက်လက် ဖိအားပေးနေမယ်လို့လည်း အဲဒီ နိုင်ငံတွေက ပြောပါတယ်။

 အစ္စရေးကတော့ ဂါဇာမှာ လူသားချင်း စာနာမှု အစီအမံသစ်တွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးစားလာနေတာကို ကြိုဆိုတယ်လို့ပဲ ကြေညာထားပါတယ်။ ဒါပေမဲ့ အဲဒီ ထောက်ပံ့ရေး ပစ္စည်းတွေ ဂါဇာကို ဝင်ရောက်ချိန်မှာ အစ္စရေးရဲ့ သတ်မှတ် စံနှုန်းတွေနဲ့အညီ လုံခြုံရေးအရ စစ်ဆေးသွားမယ်လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

 ဒီအတောအတွင်း အမေရိကန်က ဂါဇာမှာ ယာယီ ဆိပ်ကမ်းကို ရက် ၆၀ အတွင်း အပြီးတည်ဆောက်မှာဖြစ်ပြီး တပ်ဖွဲ့ဝင် ၁၀၀၀ လောက် တပ်စွဲထားဖို့ အစီအစဉ်ရှိကြောင်း၊ ဒါပေမဲ့ ဂါဇာ ကုန်းမြေပေါ်ကိုတော့ ဘယ်တပ်ဖွဲ့ဝင်မှ တက်ရောက်ပြီး တပ်စွဲမှာ မဟုတ်ကြောင်း ကြေညာထားခဲ့ပါတယ်။

 Ref: Al Jazeera