အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ နှစ်လကျော်အတွင်း နိုင်ကျဉ်းခုနစ်ဦး သေဆုံး

မတ်၊ ၈
 
နိုင်ငံတ၀န်းရှိ အကျဉ်းထောင်တွေမှာထောင်တွင်းဆေးဝါးကုသမှု မလုံလောက်တာကြောင့် ပြီးခဲ့တဲ့ နှစ်လကျော်ကာလအတွင်း နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအထိ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကပြောပါတယ်။
 
အခုနှစ် ၂၀၂၄ ဇန်နဝါရီလဆန်းကနေ ဒီကနေ့မတ်လ ၈ ရက်အထိ ကျိုက်မရောနဲ့ ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးစီ၊ မန္တလေးအိုးဘိုထောင်၊ ကလေးထောင်နဲ့ မကွေးထောင်မှာ တဦးစီ စုစုပေါင်း ခုနစ်ဦး ဆေးဝါးကုသမှု မလုံလောက်လို့ သေဆုံးခဲ့တာလို့ အဲဒီအဖွဲ့ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
 
“အများစုက စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့် ထောင်တွင်းမှာ သေဆုံးသွားရတာတွေ ရှိတယ်၊ တချို့ကျတော့ ဆေးဝါးစောင့်ရှောက်မှု မရတာရယ်၊ အရေးပေါ်ဖြစ်တဲ့ အချိန်မီ ဆေးရုံကို မပို့ပေးလို့ သေဆုံးသွားရတာက ပိုများတယ် ” လို့ သူကပြောပါတယ်။
 
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ဦးခင်စိုးဆိုသူ ဒီလ ၃ ရက်က ထောင်တွင်းမှာပဲ သေဆုံးခဲ့တယ်လို့ PPNM က ဒီကနေ့ထုတ်ပြန်ထားပါတယ်။
 
အသက် ၆၄ နှစ်အရွယ် ဦးခင်စိုးဆိုသူဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည) တို့နဲ့ တရားစွဲဆိုခံထားရပြီး ထောင်ဒဏ် ဆယ်လေးနှစ်အထိ အမိန့်ချမှတ်ခံထားရသူဖြစ်သလို ထောင်တွင်း ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးကုသခွင့်တောင်းခံခဲ့ပေမယ့် အကျဉ်းထောင်က အလေးမထားခဲ့တာကြောင့် သေဆုံးသွားရတာလို့ ဆိုထားပါတယ်။
 
လက်ရှိ အကျဉ်းထောင်တွေမှာ ဆေးဝါးလုံလုံလောက်လောက်မရှိတာ၊ တာ၀န်အချိန်တွေမှာ ထောင်ဆရာ၀န်တွေကို လွယ်လင့်တကူ ခေါ်မရတာတွေအပြင် အရေးပေါ်အခြေအနေတွေကြောင့် ပြင်ပဆေးရုံတွေကို တက်ရောက်ဖို့ ခွင့်တောင်းရင်လည်း ခွင့်ပြုချက်ရဖို့ကြာတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အသက်ဆုံးရှုံးမှုပိုများလာတယ်လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။
 
“ဘာရောဂါပဲဖြစ်ဖြစ် ပါရာစီတမော့လောက်ပဲပေးတဲ့ ထောင်ဆေးရုံတွေက အကျဉ်းသားတွေကို မကုသပေးနိုင်ဘဲ လူသတ်ကွင်းကြီးလို ဖြစ်နေတယ်” လို့ သူက လက်ရှိအကျဉ်းထောင်တွေကို ဝေဖန်ပါတယ်။
 
၁၈၉၄ ခုနှစ် ကိုလိုနီခေတ်ကတည်းက ပြဌာန်းထားတဲ့ အကျဉ်းထောင်လက်စွဲဥပဒေ အခန်း(၈) ပုဒ်မ ၃၇ မှာ အကျဉ်းသားတွေရဲ့ ဆေးကုသခွင့်နဲ့ပတ်သက်ပြီး ထောင်အာဏာပိုင်တွေက နှောင့်နှေးကြန့်ကြာတာမရှိဘဲ ကုသပေးဖို့ ပြဌာန်းထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
 
“ သူတို့(ထောင်၀န်ထမ်းတွေ) အတွက်က ဥပဒေဆိုတာ စာအုပ်ထဲမှာလောက်ပဲ ရှိတော့တာဗျ၊ထောင်ထဲမှာ အကျဉ်းသားတဦး သေဆုံးတယ်ဆိုရင် သူရဲ့မိသားစုကို အကြောင်းကြားရသလို အလောင်းကိုလည်း ကြည့်ရှုခွင့်ပေးရတယ်၊ ဒါပေမယ့် အခုဒီလိုတွေ မလုပ်တော့ဘူး” လို့ သူကပြောပါတယ်။
 
လက်ရှိ အကျဉ်းထောင်တွေမှာ ထောင်၀င်စာပါဆယ်ပို့ဆောင်ခွင့်အပါအ၀င် မိသားစုနဲ့ တွေ့ခွင့်ကို စစ်ကောင်စီက ပြန်လည်ခွင့်ပြုပေးထားပေမယ့် ဆေးဝါးပို့ခွင့်ကိုတော့ ပိတ်ပင်ထားဆဲဖြစ်တယ်လို့ မန္တလေးမြို့က နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစု၀င်က ပြောပါတယ်။
 
ပြီးခဲ့တဲ့အစိုးရလက်ထက်ကလည်းက ကိုဗစ်ရောဂါ ကာကွယ်ဖို့အတွက် အကျဉ်းသားတွေကို သူတို့ရဲ့ မိသားစု၀င်တွေနဲ့ တွေ့ဆုံခွင့်ပိတ်ပင်ခဲ့ပေမယ့် စစ်ကောင်စီကတော့ အာဏာသိမ်းပြီး နှစ်နှစ်အကြာပြီးခဲ့တဲ့နှစ်အတွင်းမှာပဲ ပြန်လည်ခွင့်ပြုပေးခဲ့တာပါ။
 
“အင်္ဂလိပ်ဆေးဆိုရင်တော့ လုံး၀ ပေးလို့မရသေးဘူးပေါ့နော်၊ လုံး၀ လက်မခံတာမျိုးတော့ မဟုတ်ဘူး ပေးလိုက်ရင် သူတို့စစ်ဆေးနေရင်နဲ့ ကိုယ်လူဆီမရောက်တာမျိုးပေါ့၊ ဒါပေမယ့် ၀န်ထမ်းတွေကို ပိုက်ဆံပေးပြီး သွင်းမယ်ဆိုရင်တော့ ရနေသေးတယ်” လို့ သူကပြောပါတယ်။
 
အကျဉ်းထောင်တွေထဲက တခြားအကျဉ်းသားတွေအနေနဲ့ ထောင်အာာဏာပိုင်တွေကို ငွေကြေးပေးပြီး အဆင်ပြေအောင် နေထိုင်လို့ရပေမယ့် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အခုလို ငွေကြေးပေး ဆေးဝါးသွင်းဖို့ဆိုတာက အဆင်မပြေနိုင်ဘူးလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
“အပြင်ကဆေးတွေကို ပိတ်ပင်ထားပေမယ့် မူးယစ်ဆေးပုံစံ သုံးဖို့အတွက် ချောင်းဆိုးပျောက်ဆေးတွေကို တရားမ၀င် တင်သွင်းခွင့်ရနေတယ်၊ ဒီဆေးတွေက နိုင်ကျဉ်းတွေကြား ပျံ့နေတာမဟုတ်ဘူး တခြားအကျဉ်းသားတွေကြား ပျံ့နေတာပေါ့” လို့ သူကဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အကျဉ်းထောင်အသီးသီးမှာ အခုလိုပဲ ဆေးဝါးကုသခွင့်မရတာတွေအပြင် ထောင်အာဏာပိုင်တွေ ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားရတဲ့ နိုင်ငံရေးအကျဉ်းသား သုံးဆယ်ကျော်အထိ ရှိတယ်လို့ နိုင်ကျဉ်းဟောင်းတွေဆီက သိရပါတယ်။
 
နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဏာသိမ်း ပြီးနောက် ဒီလ ၈ ရက်နေ့အထိ မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ ဖမ်းဆီးခံသူပေါင်း ၂၆၂၂၈ ဦးအထိ ရှိခဲ့ပြီး အဲဒီအထဲမှာ ၈၈၂၀ ဦးဟာ ထောင်ဒဏ်တွေ ချမှတ်ခံထာရပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ထောင်တွင်းကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတဦး