မတ် ၈
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတာမရှိဘူးလို့ စစ်ကောင်စီက ငြင်းဆိုထားပေမယ့် ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာပျံ့နှံ့လာပြီး အဲဒီရုပ်သံဖိုင်ထဲမှာ စစ်ကောင်စီရဲ့ပြည်နယ် လုံနယ်ဝန်ကြီးကိုယ်တိုင် လာရောက်စစ်ဆေးနေတာ တွေ့ရပါတယ်။
ရုပ်သံဖိုင်ထဲမှာ စစ်ယူနီဖောင်းဝတ်ထားတဲ့ ရိုဟင်ဂျာရာချီကို ခန်းမတခုအတွင်း တန်းစီထိုင်ခိုင်းထားပြီး အဲဒီခန်းမထဲကနေ ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဘတ်တံဆိပ်ပါ ယူနီဖောင်း ဝတ်ထားတဲ့ တပ်အရာရှိတဦး လုံခြုံရေးတပ်သားတွေ ခြံရံထွက်လာတာ တွေ့ရပါတယ်။
အဲဒီထွက်လာသူဟာ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး (ဗိုလ်မှူးကြီးကျော်သီဟ) ဖြစ်တယ်လို့ ရိုဟင်ဂျာ လူလတ်ပိုင်းတဦးက ပြောနေတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ လုံနယ်ဝန်ကြီးလို့ ယူဆရတဲ့ စစ်တပ်အရာရှိကိုတော့ တမိနစ်နီးပါးကြား ရုပ်သံဖိုင်အတွင်း စက္ကန့်ပိုင်းသာ တွေ့ရပြီး ထမင်းစားတဲ့နေရာကို သွားကြည့်ဖို့ ပြောနေတာ တွေ့ရပါတယ်။
အဲဒီရုပ်သံဖိုင်ပါနေရာဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) တပ်နယ်အတွင်းမှာရှိတဲ့ တပ်ရင်းတခုထဲမှာ ဖြစ်နိုင်တယ်လို့ စစ်တွေဒေသခံအချို့က ပြောကြပေမယ့် DNA က သီးသန့်အတည်ပြုလို့တော့ မရသေးပါဘူး။
“စစ်တွေက ရိုဟင်ဂျာတွေကိုတော့ အဲဒီစစ်တွေတပ်နယ်ထဲမှာပဲသင်တန်းပေးနေတာ၊ရေချမ်းပြင်သွားတဲ့ဘက်မှာ၊ အဲဒါတော့ သေချာတယ်၊ အခုရုပ်သံဖိုင်မှာပါတဲ့နေရာကိုတော့ အတိအကျမသိဘူး၊ တပ်ရင်းတွေထဲလည်း မဝင်ဖူး တော့လေ၊ ဒါပေမယ့် စစ်တွေမှာပဲဖြစ်မယ်”လို့ စစ်တွေမြို့ခံ ရိုဟင်ဂျာလူငယ်တဦးက DNA ကို ပြောပါတယ်။
အမည်မဖော်လိုတဲ့ စစ်တွေဒေသခံရခိုင်အမျိုးသားတဦးကတော့ စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာတွေကို စစ်တွေမြို့ နယ်အတွင်းရှိ အမှတ်(၃၇၃)အမြောက်တပ်ထဲမှာ သင်တန်းပေးနေတယ်လို့ DNA ကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်မှာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီး တောင်၊ ကျောက်ဖြူမြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာလူငယ်တွေကို ဖမ်းဆီးကာ စစ်သင်တန်းပေးနေခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတ ထောင်နီးပါးလောက်ရှိပြီလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောထားကြပါတယ်။
အဲဒီထဲက စစ်တွေမြို့နယ်အတွင်းရှိ သက္ကေပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းအပါအဝင် အနီးဝန်းကျင်စခန်း၊ ရွာတွေက ဖမ်းဆီးခံရသူတွေကို စစ်တွေတပ်နယ်ထဲမှာ သင်တန်းပေးနေတာပါ။
ဒါ့အပြင် ကျောက်ဖြူမြို့နယ် ကျောက်တလုံးဒုက္ခသည်စခန်းက ဖမ်းဆီးခံရသူရိုဟင်ဂျာ ၁၀၇ ဦးကိုလည်း အဲဒီအနီး မှာ ရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၄၂ တပ်ရင်းထဲမှာ သင်တန်းပေးနေတယ်လို့ ဖမ်းဆီးခံရသူရိုဟင်ဂျာတွေရဲ့ မိသားစု တွေနဲ့ ဒေသခံတွေက အတည်ပြုပြောဆိုကြပါတယ်။
“မနက်ဆိုလာခေါ်တယ်၊ ညဆို ပြန်လွှတ်တယ်၊ အဲလိုသင်တန်းပေးနေတာ၊ (ဖေဖော်ဝါရီ) ၂၈ ရက်ကတည်းကပါ” လို့ ကျောက်တလုံးရိုဟင်ဂျာဒုက္ခသည်စခန်းက အမည်မဖော်လိုသူရိုဟင်ဂျာတဦးက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်အတွင်းမှာလည်း တပ်မချောင်း၊ ပုဇွန်ချောင်း၊ ငကျိုင်တောက်၊ လက်ဝဲတက်၊ အိုးသည်မ၊ မြောင်းနား၊ အလယ်ချောင်းစတဲ့ရွာတွေမှာ ရိုဟင်ဂျာ ရာချီကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးထားတယ် လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ DNA က အတည်ပြုနိုင်ပြီး ဘယ်တပ်ရင်းမှာ သင်တန်းပေးနေတယ်ဆိုတာကို တော့ တိတိကျကျ မသိရသေးပါဘူး။
အဲဒီလိုသင်တန်းပေးနေတာတွေရှိပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြောခွင့်ရ ဦးလှသိန်းတို့ကတော့ ရိုဟင်ဂျာတွေဟာ နိုင်ငံသားမဟုတ်တဲ့အတွက် စစ်သင်တန်းပေးနေ တာမရှိ ဘူးလို့ စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွေနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေကနေ ငြင်းဆိုထားပါတယ်။
လက်တွေ့မှာတော့ စစ်ကောင်စီတပ်ဟာ ဒေသခံရိုဟင်ဂျာတွေကို စစ်မှုထမ်းရင် နိုင်ငံသားသတ်မှတ်ပေးမယ်၊ လွတ်လပ်စွာ သွားလာခွင့်ပေးမယ်၊ ငွေကြေးထောက်ပံ့ပေးမယ်ဆိုပြီး မက်လုံးပေးစည်းရုံးနေတာလို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောကြပါတယ်။
ရက္ခိုင့်တပ်တော်(AA)အပါအဝင် ရခိုင်နဲ့ ရိုဟင်ဂျာဒေသခံတွေကတော့ ဒါဟာ စစ်ကောင်စီအနေနဲ့ တပ်သားဆုံးရှုံး မှုကို ကုစားဖို့နဲ့ ရခိုင်နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာဖန်တီးဖို့ ကြိုးစားနေတာလို့ ထောက်ပြကြပါ တယ်။
“သူတို့မထိန်းချုပ်နိုင်လို့ ဆုပ်ခွာရမယ်ဆိုရင် ရခိုင်ပြည်ထဲမှာ လက်နက်ကိုင်ပဋိပက္ခပြဿနာတွေ၊ လူမျိုးရေး အဓိ ကရုဏ်းတွေ ဖန်တီးထားခဲ့ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတယ်၊ အဲလိုဟာတွေကို တောက်လျောက်လုပ်နေ တာကိုလည်း တွေ့နေရပါတယ်”လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောထားပါတယ်။
ရခိုင်အပါအဝင် နိုင်ငံအနှံ့မှာ မြို့နဲ့တပ်စခန်းတွေ ဆက်တိုက်လက်လွှတ်နေရပြီး တပ်သားဆုံးရှုံးမှုအများအပြားရှိ နေတဲ့စစ်ကောင်စီဟာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိနဲ့ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်မှုထမ်းဥပေဒကို အသက်သွင်းထားပြီးတနှစ်မှာ တပ်သားခြောက်သောင်းသင် တန်းပေး သွားဖို့စီစဥ်ထားတာပါ။
အဲဒီနောက်ဆက်တိုက်မှာပဲ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ၊ ရန်ကုန်အပါအဝင် ပြည်မရောက် ရခိုင်လူငယ် တွေ၊ တခြားပြည်နယ်၊တိုင်းတို့ရှိ စစ်ကောင်စီထိန်းချုပ်နိုင်သေးတဲ့ဒေသတွေက လူငယ်တွေကို ဆက်တိုက် ဖမ်းဆီးနေခဲ့တာပါ။
ရက္ခိုင့်တပ်တော်(AA)ကတော့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ (မိတ်ဆွေမူဆလင်အသိုင်းအဝိုင်းလို့ သုံးနှုန်း) တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းခိုင်းနေတဲ့အပေါ် ပြင်းထန်ပြတ်သားစွာ ဆန့်ကျင်ပြီး မှန်ကန်တဲ့ ဘက်မှာ ရပ်တည်ကြဖို့၊ တပ်သားစုခံရရင် ရုန်းထွက်ပြီး လွတ်မြောက်ရာနေရာတွေဆီ လာရောက်ခိုလှုံကြဖို့ တိုက် တွန်း၊ ဖိတ်ခေါ်ထားပါတယ်။
ဓာတ်ပုံ – Social Media